
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ ငမိုးရိပ်ရေလှောင်တမံမှာ ရေပိုလွှဲကနေ ၂ ပေခွဲလောက် ရေကျော်နေလို့ ငမိုးရိပ်ချောင်းရေတက်ကာ လှည်းကူးမြို့နယ်အတွင်းက ရပ်ကွက်တွေ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း မိုးအဆက်မပြတ်ရွာမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းတည်းက ငမိုးရိပ်ဆည်ဟာ စိုးရိမ်ရတဲ့အခြေအနေ ရှိခဲ့တာဖြစ်ပြီး ဆည်တာဝန်ရှိသူတွေရဲ့ ပေါ့လျော့မှုကြောင့် ဆည်အောက်ဘက် ငမိုးရိပ်ချောင်း ဖြတ်သန်းစီးဆင်းရာနဲ့ အနီးဆုံးဖြစ်တဲ့ လှည်းကူးမြို့နယ်က အနိမ့်ပိုင်း နေရာတွေမှာ ရေကြီးနေပါတယ်။
လှည်းကူး အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူတယောက်က “အစ်ကိုတို့ဆီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတက်တာတွေ့တယ်။ သူတို့က Page လှောင်သလို ပြောင်သလိုတောင် ပြန်တင်ထားတာ တွေ့တယ်။ မစိုးရိမ်ရဘူး ဘာညာနဲ့။ အခုမှ စိတ်မကောင်းဘူးဆိုပြီး လုပ်ပြန်ကော။ ရေကတော့ ရပ်ကွက်တော်တော်များများ ဝင်နေပြီ။ မိုးများရင် အခြေအနေဆိုးနိုင်တာပေါ့” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ ငမိုးရိပ်ဆည် ရေပိုလွှဲကနေ ၂ ပေခွဲဝန်းကျင် ရေကျော်ကျနေပြီး ငမိုးရိပ်ချောင်း ဖြတ်သန်းစီးဆင်းရာ နေရာတွေက ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။
လတ်တလောမှာ လှည်းကူးမြို့ပေါ်က စက်သုံးလုံး၊ မြို့မ၊ ရိပ်သာ၊ ရန်ကင်း၊ နိဗ္ဗာန်ဦး၊ အောင်မင်္ဂလာ၊ စန်းသော်တာနဲ့ သီတာအေး စတဲ့ရပ်ကွက်တွေမှာ ငမိုးရိပ်ချောင်းရေ ဝင်ရောက်ပြီး စက်တင်ဘာ ၂ ရက်ကတည်းက ရေကြီးနေပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာ မိုးသည်းထန်နေပြီး မိုးအဆက်မပြတ် ဆက်ရွာပါက မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့် စတဲ့မြို့နယ်တွေက အနိမ့်ပိုင်း ရပ်ကွက်တွေလည်း ရေကြီးမှုနဲ့ ကြုံရနိုင်ပါတယ်။
ဒါ့အပြင် လှည်းကူးမြို့နယ်ရှိ မဟူရာဆည်မှာလည်း ရေပိုလွှဲကနေ ရေ ၁ ပေခွဲလောက် ကျော်ကျနေပြီး ပေါင်းလင်းဆည်မှာလည်း ရေပြည့်ဖို့ အနည်းငယ်သာ လိုတော့တဲ့ အခြေအနေမှာ ရှိနေတာကြောင့် လှည်းကူးမြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ပိုဆိုးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။











