
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ဆယ်စုနှစ် လေးငါးခုလောက် လူနေထိုင်လာတဲ့ ကျေးရွာ ၉ ရွာ က လူနေအိမ်တွေကို စစ်အာဏာရှင်အစိုးရက စားကျက်မြေ၊ ကျူးကျော်မြေဖြစ်တယ်ဆိုပြီး ဖျက်သိမ်းခိုင်းနေတာကြောင့် လှည်းကူးမြို့ပေါ်က မြေတွေက ဈေးတက်လာနိုင်ခြေရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ခန့်မှန်းပါတယ်။
လှည်းကူးမြို့နယ်ထဲက ဝါးရုံစွန်း၊ မြင်းတာ၊ ဆားဖို၊ ခရိန်၊ စွယ်လတ်၊ ဒါးပိန်၊ ဆားကွင်း၊ ဘုရားကွင်း၊ ပေါက်စောက်စတဲ့ ကျေးရွာ ၉ ရွာကို စားကျက်မြေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရွှေ့ပြောင်းခိုင်းတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၈ ရက်ကစလို့ ဝါးရုံစွန်းကျေးရွာအုပ်စုနဲ့ ဖခယ်မယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တွေက ပြောင်းရမဲ့အိမ်တွေကို အကြောင်းကြားစာတွေပေးပို့ခဲ့တာလို့ ဒေသခံတွေက ပြော ပါတယ်။
အကြောင်းကြားစာထဲမှာတော့ အခုပြောင်းရွှေ့ခိုင်းတဲ့မြေတွေဟာ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက စားကျက်မြေအဖြစ် သတ်မှတ်ထိန်းသိမ်း စီမံခန့်ခွဲထားတဲ့ အများပိုင်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဖျက်သိမ်းဖို့ စာကျလာတဲ့ကျေးရွာတွေဟာ ပြည်သူတွေနေထိုင်လာတာ နှစ်ပေါင်း ၃၀ ကနေ ၅၀ အကြားရှိလာတဲ့ကျေးရွာတွေဖြစ်တယ်လို့ဆိုပါတယ်။
လှည်းကူးဒေသခံတယောက်က “တချို့နေရာတွေကပါတယ်၊ တချို့နေရာတွေက မပါပါဘူး၊ အတိအကျတော့ ပြောလို့မရဘူး၊ သူတို့က မြေပုံမပြဘာမပြနဲ့ ဖယ်ရမဲ့ အိမ်တွေကို စာတွေ လိုက်ပေးတယ် ပြီးတော့ဖယ်ခိုင်းတယ်၊ အဲ့တာမျိုးဘဲ၊ စီမံကိန်းနေရာလို့တော့ပြောတာပဲ။ ဒါပေမဲ့ အဲ့ဒီနေရာတွေက စီမံကိန်းနေရာဆိုပေမဲ့ အဲ့နေရာတွေက နဂိုကတည်းက ရွာတွေ၊ တည်လာကြတာ နှစ်ပေါင်းများစွာကြာပြီ၊ အဲ့တာတွေကို သူတို့က ဒီအစိုးရလက်ထက်မှ စီမံကိန်းနေရာလို့ ပြောပြီး တော့ ဖျက်ခိုင်းတာပဲလေ။ စာအရတော့ သူတို့သတ်မှတ်တဲ့အထဲ ပါတဲ့အိမ်တွေကို ၇ ရက် အတွင်း ဖယ်ပေးရမယ်တော့ ပြောတာပဲ”လို့ ပြောပါတယ်။
ပေးပို့လာတဲ့ အကြောင်းကြားစာထဲမှာတော့ ဖျက်ရမဲ့ စာရင်းထဲပါတဲ့အိမ်တွေကို ၇ ရက် အတွင်း ဖျက်ပေးရမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိမှာ အိမ်တွေ မဖျက်ရဖို့ ရွာသားတွေစုပေါင်းပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကို တောင်းဆိုနေတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် ဘယ်အချိန်မှာ နောက်ဆုံးထားပြီး ဖျက်ရမလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို မခိုင်မာတဲ့မြေတွေကို စစ်အာဏာရှင်အစိုးရက ပြန်လည်သိမ်းယူနေတာကြောင့် အထောက်အထားခိုင်မာတဲ့ လူနေထိုင်ဖို့ သတ်မှတ်ထားတဲ့ မြေတွေ ပိုပြီးဈေးကြီး မြင့်လာ နိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
လှည်းကူးဒေသခံ အိမ်ခြံမြေအကျိုးဆောင်တယောက်က “ နို့တစ်စာတွေဘာတွေ ပို့လာတာတွေ ရှိတယ်။ ဖျက်မယ်မဖျက်ဘူးတော့ မသေချာသေးဘူး။ အိမ်ခြံမြေဈေးနှုန်းကတော့ ဈေးတွေ ဘာတွေ ကျသွားတာတော့ မရှိဘူး။ ပုံမှန်လေးအတိုင်းပါပဲ လောလောဆယ်ကတော့၊ လှည်းကူးမှာတော့ မြေအမျိုးအစားတွေအပေါ်မှာ မူတည်ပြီးတော့ အရောင်းအဝယ်ဖြစ်တာဆိုတော့ မြို့ပေါ်ရပ်ကွက်တွေကကျတော့လည်း စလစ်တွေနဲ့ ချထားတာဆိုတော့ ဈေးတက်တာတွေပဲရှိတယ်။ မခိုင်မာတာတွေက များလာလေ ခိုင်မာတဲ့ မြို့ပေါ်ဈေးတွေက ဈေးကြီးလာလေဖြစ်လာတာပေါ့”လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်အစိုးရက အမှတ် ၂ လမ်းမကြီးတလျှောက်က မြေတွေကို ဖျက်သိမ်း ဖို့ လုပ်ဆောင်နေပြီး မှော်ဘီမြို့နယ်ထဲက ကျေးရွာတချို့ကိုလည်း တလအတွင်း ဖျက်သိမ်းပေးဖို့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။
သီရိ










