
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငြိမ်းချမ်းဖြိုးရပ်ကွက် YBS ၁၀၇ ကားဂိတ်အနီးမှာ ဇွန် ၂၂ ရက် ည ၈ နာရီခွဲက လူငယ် ၄ ယောက်ကို အာဏာရှင်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီခွဲက ရန်ကုန်-ပဲခူး လမ်းမကြီးအတိုင်း လမ်းလျှောက်လာတဲ့ လူငယ်လေးယောက်ကို အာဏာရှင်စစ်တပ်က YBS ၁၀၇ ကားဂိတ်အနီးမှာ ဖမ်းဆီးသွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ကောင်လေး ၄ ယောက်ကို ဖုန်းတွေစစ်၊ လွယ်အိတ်တွေစစ်ပြီး ကားပေါ်တင်ပြီး ဖမ်းသွားတာ။ ဒီမနက်မှ သိရတာ။ အောင်မင်္ဂလာရပ်ကွက်က တယောက်၊ ကျွန်းကလေးရပ်ကွက်က တယောက် ပါသွားတယ်။ ကျန်တဲ့ နှစ်ယောက်က ဘယ်ရပ်ကွက်ကလဲ မသိဘူး။"
မင်းကုန်းအခြေစိုက် အမှတ် (၁) စစ်အခြေခံသင်တန်းကျောင်းရှိတဲ့ လှည်းကူးမြို့မှာ အာဏာရှင်စစ်တပ်က မကြာခဏ လှည့်ကင်းလှည့်ကာ ပေါ်တာဆွဲဖမ်းဆီးတာရှိတယ်လို့ အောင်မင်္ဂလာရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“အရင်က စစ်တပ်က မြို့နယ်အားကစားခန်းမမှာ တပ်စွဲထားပြီး လှည့်ကင်းလှည့်သလိုနဲ့ ညဘက် ပေါ်တာထွက်ဆွဲတယ်။ ဖမ်းမိလာတဲ့ လူငယ်တွေကို မင်းကုန်း စခတ (၁) ကို ပို့တယ်။ အဲလိုပဲ လှည်းကူးမြို့ဝင် တိုးဂိတ်ကျော်တာနဲ့ ထောက်ကြန့်၊ မင်္ဂလာဒုံအပိုင်က တကက (၁) က ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ်တွေကို တိုက်ကြီးသင်တန်းကျောင်းကို ပို့တယ်။”
ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ သတင်းတွေကြောင့် စိုးရိမ်ပူပန်မှုရှိတဲ့ မိဘတွေက သားသမီးတွေကို ညဘက်အပြင်မထွက်ဖို့ ပြောဆိုပေမဲ့ မိဘအလစ် အပြင်သွားလာလို့ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကို ခံရတဲ့ လူငယ်တွေလည်း ရှိတယ်လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း မရမ်းကုန်းမြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်မှာ ကားစောင့်နေတဲ့ လူငယ်တယောက် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ၃ ရက်အကြာမှ ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့ စစ်သင်တန်းကျောင်းကို ရောက်နေကြောင်း မိသားစုက သိခဲ့ရပါတယ်။
လူတိုင်းမဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို အာဏာရှင်စစ်ခေါင်းဆောင်ဟောင်းက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်ခေါ်ယူခဲ့ရာ အခုဆိုရင် အပတ်စဉ် ၂၆ ကို ရောက်လာပြီ ဖြစ်ပါတယ်။










