ဥရောပတွင် လူငယ်များ၏ ဆန္ဒပြပွဲများ မုန်တိုင်းသဖွယ်ဖြစ်လာနေ

နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ် အနေနဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မြို့လယ်မှာ နိုဝင်ဘာ ၁၇ ရက်က စုဝေးခဲ့ကြပြီး ကျောင်းလခတွေ မြင့်တက်လာတာ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲတာနဲ့ နေထိုင်မှုစရိတ် မြင့်တက်လာတာတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
“အားလုံးမှာ ပန်းတိုင်တခုတည်း ရှိပါတယ်။ အဲဒါကတော့ ပညာရေးစနစ်မှာ ပြဿနာတွေ ရှိနေတယ် ဆိုတာကို အသံထွက်ပြီး ပြောဆိုကြဖို့ပါပဲ” လို့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ အမ်မာ ဘယ်ရူးဒီယိုးက ပြောပါတယ်။
လူငယ်လှုပ်ရှားမှုတွေကို “ဥရောပမှာ ဖြစ်နေတဲ့ မုန်တိုင်းတခု” နဲ့လည်း နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့နှစ်က စတင်မိတ်ဆက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဝေဖန်ခဲ့ကြပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေထဲမှာ တက္ကသိုလ်ကျောင်းလခတွေ တိုးမြှင့်ကောက်ခံတာ၊ သင်ကြားချိန်နာရီတွေ တိုးမြှင့်သတ်မှတ်တာနဲ့ ပညာရေးကဏ္ဍမှာ ဝန်ထမ်းအင်အား လျှော့ချတာတို့ ပါပါတယ်။
ဆရာတယောက်ဖြစ်သူ လူဝီ ဗန်ဒီ ပဲရာက ပညာရေးဟာ အာမခံချက်ရှိတဲ့ အခွင့်အရေးတခုအဖြစ် ဆက်ရှိနေသင့်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မူဝါဒချမှတ်သူတွေက တုံ့ပြန်ဖြေရှင်းမပေးရင် ပြည်သူလူထုရဲ့ မကျေနပ်ချက်တွေ ပိုကြီးလာနိုင်တယ်လို့ သူက သတိပေး ပြောဆိုခဲ့ပါတယ်။
အခုဆန္ဒပြပွဲဟာ မကြာသေးမီ လတွေအတွင်း ဥရောပတဝန်းမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာလည်း ပညာရေးဆိုင်ရာ ရန်ပုံငွေကိစ္စရပ်တွေ၊ တက္ကသိုလ်တွေရဲ့ အခြေအနေတွေနဲ့ နေထိုင်မှုစရိတ် မြင့်တက်လာတာတို့နဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
Source: Reuters











