DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လူပျောက်ဆုံးမှုနှင့် ပြန်ပေးဆွဲမှုများကြောင့် မြို့ခံများ လုံခြုံရေးစိုးရိမ်နေ
DVB
·
November 18, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ရန်ကုန်မှာ လူပျောက်တာတွေ၊ ပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်နေတာကြောင့် မြို့ခံတွေ အသွားအလာ သတိထားနေရတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှာ လူပျောက်ဆုံးတာတွေက နေ့တိုင်းလိုလို ဖြစ်နေပြီး မဖြစ်မနေ အလုပ်လုပ်ဖို့ သွားလာနေရတဲ့သူတွေကလည်း စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်လို့ ဆိုပါတယ်။

မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီး အချိန်မှန် အိမ်ပြန်မရောက်ရင် စိုးရိမ်သောက ရောက်နေရသလို သတိနဲ့သွားလာဖို့ကိုလည်း အထပ်ထပ်မှာနေရတယ်လို့ ရန်ကုန်မြို့ခံ မိခင်တယောက်က ပြောပါတယ်။

“သားသမီးတွေကို အမြဲသတိပေးနေရတယ်။ အရွယ်မရောက်သေးဘဲ ပါသွားမှာစိုးလို့။ ပါသွားရင်လည်း ပိုက်ဆံအများကြီး ပေးရပြီး ဒဏ်ရာတွေနဲ့ ကိုယ့်သားသမီးက ပြန်ရောက်လာမှာ။”

ရန်ကုန်မှာ အကြောင်းမဲ့ သက်သက် ပျောက်ဆုံးသွားတဲ့ လူငယ်တွေဟာ စစ်အာဏာရှင်တပ်ရဲ့ တပ်သားတွေရဲ့ ပေါ်တာဆွဲတာကို ခံရတာဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေကတော့ ပိုက်ဆံနဲ့ ပြန်ထုတ်သလို မတတ်နိုင်သူတွေကတော့ စစ်တပ်ထဲမှာ ရောင်းစားခံရပြီး ရှေ့တန်းကို ပို့ပစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပထွက် အလုပ်လုပ်ကိုင်မဲ့ လူငယ်တွေကလည်း သင်တန်းကို သွားရောက်ရာမှာ သတိထား သွားလာနေရသလို ရပ်ကွက်ထဲမှာတင် လုံခြုံမှုမရှိတော့တာကြောင့် သတိနဲ့ သွားလာနေရတယ်လို့ လူငယ်တွေက ပြောပါတယ်။

ရန်ကုန်က လူငယ်တယောက်က “ကျနော်တို့ အခု အပြင်သွားလာနေရတာက အရမ်းကြီး လုံခြုံတယ်လို့တော့ မဟုတ်ဘူးပေါ့။ အဓိက ယောက်ျားလေးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဘက်ဘက်ကနေ ကြည့်ပြီးတော့ သွားလာနေရတာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ခံ ပြည်သူတယောက်ကလည်း “ပေါ်တာဆွဲတဲ့ ပြဿနာတွေကလည်း ခဏခဏ ကြားနေရတယ်။ အမှန်အတိုင်း ပြောရရင် ဘယ်နေရာသွားသွား စိတ်က မချရဘူး။ သူတို့များ ဖမ်းသွားမလားပေါ့။ ပြီးတော့ အရပ်ဝတ်တွေနဲ့လည်း ဆွဲတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့ကြီးဟာ အရင်လို မအေးချမ်းတော့ဘဲ စိုးရိမ်ကြောင့်ကျမှုတွေနဲ့ သွားလာလှုပ်ရှားနေရပြီး အပြင်ထွက်ရင်လည်း စိတ်ပူရ၊ အိမ်ပြန်နောက်ကျရင်လည်း စိုးရိမ်ရနဲ့ ဘယ်အချိန် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်တော့ဘူးလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ပြည်သူ့စစ်မှုထမ်းဥပဒေကို သုံးပြီး တပ်သားသစ် စုဆောင်းလာခဲ့တာ အပတ်စဉ် ၂၉ အထိ ရှိလာခဲ့ပါပြီ။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး စစ်အာဏာရှင်တပ်သားတွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပေါင်းပြီး ဈေးကွက်စီးပွားရေးတခုလို လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။

လူတယောက်ကို ကျပ်သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ပေါက်ဈေးနဲ့ စစ်မှုထမ်းထဲ ရောင်းချနေပြီးတော့ စစ်အာဏာရှင် လက်အောက်ခံ တပ်သား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်လူမိုက် (အရပ်အခေါ် ပျူစောထီး၊ အုပ်ကြီးလက်အောက်ခံ) တို့က အဲဒီ ဖမ်းဆီးရောင်းချမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် ကျော်လိုပါက တယောက်ကို ကျပ် တသိန်းခွဲနဲ့ စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံပြီး ဝင်ငွေနည်း မိသားစုတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ လေ့လာမှုတွေအရ မြန်မာစစ်တပ်ဟာ အပတ်စဉ်တခုမှာ တပ်သားသစ် ပျမ်းမျှ ၄,၇၀၀ ကျော် စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု အပတ်စဉ် ၂၉ အထိဆိုရင် လူပေါင်း ၁၃၆,၃၀၀ ကျော်အထိ စုဆောင်းခံထားရနိုင်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မဝင်ခင်က  စစ်တက္ကသိုလ် (DSA) နဲ့ ဗိုလ်သင်တန်းကျောင်း (OTS) စတဲ့နေရာတွေက ကျောင်းဆင်းတွေကို ဖယ်ပြီး တွက်ချက်တဲ့အခါ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်အလိုက် စုစုပေါင်း တပ်သားသစ်စုဆောင်းနိုင်မှုဟာ တနှစ် ပျမ်းမျှ ၇,၂၀၀ ဝန်းကျင်ပဲ ရှိခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုက အရင်ကထက် ၈ ဆနီးပါးအထိ မြင့်တက်လာတယ်လို့ ISP Myanmar ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လူငယ်အများစုမှာ ပေါ်တာဆွဲခံရတာဖြစ်ပြီး စစ်တပ်က အရပ်ဝတ်နဲ့ ကင်းလှည့်ပြီးဖမ်းတာ၊ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာ အစရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ လူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်နေတာလို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

လမ်းပေါ်ထွက်တဲ့အခါ ကိုယ့်လုံခြုံရေးကိုယ် စိုးရိမ်နေရတာ၊ မိသားစုဝင်တွေ အပြင်သွားတိုင်း ဘေးကင်းပါစေလို့ ဆုတောင်းနေရတာတွေက ရန်ကုန်ရဲ့ မအေးချမ်းခြင်းကို ပြသနေတာလို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013