
ရန်ကုန်၊ စမ်းချောင်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းက အမျိုးသမီးကြီး ၁ ယောက်နဲ့ အမျိုးသမီးငယ် ၁ ယောက် တိုက်ပေါ်ကခုန်ချပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၇ နာရီက စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကြီးတယောက် တိုက်ခန်း ၆ လွှာကနေ ခုန်ချသွားတာလို့ မင်းလမ်းမှာနေထိုင်သူတယောက်က DVB ကိုပြောပါတယ်။
“ဘာကြောင့်ခုန်ချလဲတာဆိုတာ ရဲတွေကစစ်ဆေးနေတယ်။ အသက် ၆၀ ကျော်ပြီ။ စိတ်ပုံမှန်မရှိဘူး လို့ပြောတယ်။ အပေါ်ကနေခုန်ချတာ။ မြေညီထပ်မှာ ကာထားတဲ့မိုးကာကွဲပြီး အောက်ကျတာ။ အနာဂတ်အလင်းတန်း ပရဟိတအဖွဲ့က ဆေးရုံပို့ပေးတယ်”
မနက် ၁၁ နာရီခွဲကလည်း တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးတိုးဂိတ်နားမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေနေတဲ့ မြန်မာ့သားကောင်းအိမ်ရာ ၆ လွှာကနေ အမျိုးငယ် ၁ ယောက် ခုန်ချခဲ့တယ်လို့ အိမ်ရာနဲ့နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။
“ခုန်ချသွားတဲ့ ကောင်မလေးက ၁၉ နှစ်ပဲရှိသေးတယ်။ ချက်ချင်းတော့ မသေဘူး။ လူမှုကူညီရေးအသင်းက ဆေးရုံပို့ရင်း လမ်းမှာ ဆုံးသွားတာ။ အိမ်ရာမှာ စစ်မှုထမ်းတွေနေတာများတော့ ခုန်ချတဲ့သူက အရပ်သားလား၊ တပ်မိသားစုဝင်လားဆိုတာ စုံစမ်းနေတယ်”
ခုန်ချသွားတဲ့အမျိုးသမီးငယ်ကို ရွှေမေတ္တာ လူမှုကူညီရေးအသင်းက သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် မနက်ကလည်း ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းမှာ ဆန်းရှိတ်ကိုတက်ပြင်တဲ့ အမျိုးသား ၁ ယောက် ခြေချော်ပြီး တိုက်ပေါ်ကပြုတ်ကျကာ သေဆုံးခဲ့သလို အောက်တိုဘာ ၂၀ ရက်ကလည်း ယုဇနပလာပေါ်ကနေ ယောကျ်ားလေး ၁ ယောက် ပြုတ်ကျသေဆုံးခဲ့ပါတယ်။











