
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲ၊ ပိုးလောင်းရဲကင်းစခန်းက စစ်အာဏာရှင် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပိုးလောင်းရဲကင်းနယ်မြေအတွင်း ခိုးမှု၊ လုယက်မှုနဲ့ နေအိမ်ဖောက်ထွင်းမှုတွေ ကျူးလွန်ပြီး ဖမ်းဆီးခံထားရသူတွေကို ဥပဒေအရ အရေးယူတာမရှိဘဲ စစ်မှုထမ်းရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ ငွေကြေးအပေးအယူလုပ်ပြီး စစ်မှုထမ်းဖို့ စီစဉ်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလို လုပ်ဆောင်နေသူတွေဟာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ပိုးလောင်းရဲကင်းမှူး ဒုရဲအုပ် မျိုးဇော်သက်၊ တပ်ကြပ်ကြီး စောဂျိုးဇက်နဲ့ ဒုတပ်ကြပ် သဲပိုတို့ဖြစ်ပြီး ခိုးမှု၊ လုယက်မှုနဲ့ နေအိမ်ဖောက်ထွင်းမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ တယောက်ကို ငွေကျပ် သိန်း ၂၀၀ ထက်မနည်းနဲ့ ငွေကြေးအပေးအယူလုပ်ပြီး လဲလှယ်ပေးနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းရေးအတွက် ပူးပေါင်း လုပ်ဆောင်နေကြတာပါ။ ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို ဥပဒေအရ အရေးယူတာမရှိဘဲ ငွေကြေးအပေးအယူလုပ်ပြီး စစ်မှုထမ်းရေးမှာ ပါဝင်ဖို့ စီစဉ်ပေးနေကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပိုးလောင်းရဲကင်းနယ်မြေအတွင်း ဖမ်းဆီးရမိထားတဲ့ ခိုးမှု၊ လုယက်မှုနဲ့ နေအိမ်ဖောက်ထွင်းမှု ကျူးလွန်သူ ၁၁ ယောက်ထက်မနည်းကို အခုလို ငွေကြေးအပေးအယူလုပ်ပြီး စစ်မှုထမ်းဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူးတွေက သူတို့အုပ်ချုပ်တဲ့ ကျေးရွာတွေဘက်မှာ ငွေကောက်ပြီး ရဲက သတ်မှတ်တဲ့ဈေးနဲ့ လူဝယ်တယ်။ ရဲကလည်း ရာဇဝတ်သားတွေကို စစ်မှုထမ်းဖို့အတွက် ငွေနဲ့ရောင်းတာမျိုး လုပ်နေကြတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းအပတ်စဉ် ၂၄ လောက်ကစပြီး အခုလို ပြစ်မှုကျူးလွန်ထားသူတွေကို အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ ငွေကြေးနဲ့လဲလှယ်ပြီး စစ်မှုထမ်းဖို့ စီစဉ်ပေးတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၂၇ မှာလည်း မုဒိမ်းမှုကျူးလွန်ထားတဲ့ အရပ်သား လူငယ်တယောက်ကို စစ်မှုထမ်းဖို့အတွက် ငွေကြေးနဲ့ လဲလှယ်ရောင်းချခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။











