ပုသိမ်တွင် အလုပ်ကပြန်လာသည့် ကလေးဖခင် ၁ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရန်ကင်းတောင်လမ်း၊ သုခစံတည်းခိုခန်းရှေ့မှာ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်က အသက် ၃၅ နှစ်အရွယ် အမျိုးသားယောက်ကို အမည်မသိလူ ၃ ယောက်က ထိုးကြိတ်လက်ထိပ်ခတ်ပြီး ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်ကတော့ အလုပ်ကနေ ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူတို့ လမ်းလျှောက်လာချိန် ဟွန်ဒါဖစ်အမျိုးအစား ကားအဖြူတစီးနဲ့ လူ ၃ ယောက် ရောက်ရှိလာပြီး ဖခင်ဖြစ်သူကို စစ်မှုထမ်းဖူးခြင်း ရှိ၊ မရှိ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်မှုမထမ်းဖူးဘူးလို့ ပြန်လည်ဖြေဆိုခဲ့ရာ ကားပေါ်က ဆင်းလာတဲ့ လူ ၃ ယောက်က ဝိုင်းဝန်းထိုးကြိတ်ပြီး လက်ထိပ်ခတ်ကာ ကားပေါ်ကို အတင်းဆွဲတင်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပုသိမ်လို တိုင်းမြို့တော်မှာတောင် လူတယောက်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့သူတွေက အခုလို လမ်းပေါ်မှာ ပေါ်ပေါ်တင်တင် ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ ဥပဒေစိုးမိုးရေးအတွက် အရမ်းစိုးရိမ်စရာကောင်းပါတယ်” လို့ ပြောပါတယ်။
ဖခင်ဖြစ်သူ ဖမ်းဆီးခေါ်ဆောင်ခံရချိန်မှာ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူဟာ လမ်းပေါ်မှာ ငိုကြွေးပြီး ကျန်ခဲ့တာကြောင့် အဲဒီနေရာကို ဖြတ်သန်းလာတဲ့ တက္ကစီသမားတယောက်က အခြေအနေကို မေးမြန်းပြီး ကလေးကို နေအိမ်အထိ လိုက်လံပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ကရင်မရမ်းချောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကိုသက် ဆိုသူဖြစ်ပြီး မိသားစုဝင်တွေက ပုသိမ်မြို့မရဲစခန်းကို သွားရောက်စုံစမ်းခဲ့ပေမဲ့ စခန်းမှာ မရှိကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာဖြစ်နိုင်ပါတယ်။ အခုက ရဲနဲ့တပ်ပေါင်းပြီး ဆွဲနေတာ။ နေ့ခင်းကြောင်တောင် အခုလို လုပ်တာကတော့ တော်တော်ရုပ်ပျက်တယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အခုလို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်ဟာ တိုင်းမြို့တော် ပုသိမ်မှာ ပွဲလမ်းသဘင်တွေ ပြုလုပ်ပြီး အေးချမ်းနေသယောင် ဖော်ပြနေပေမဲ့ ပြည်သူတွေကို အခုလို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်တာတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။











