သာပေါင်းတွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး အလုပ်ကြမ်းခိုင်းစေခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ ယာယီစခန်းတခုမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် လူငယ်တယောက်ဟာ အလုပ်ကြမ်းတွေ လုပ်ကိုင်ရပြီး ဖျားနာကာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းက သာပေါင်းမြို့နယ်၊ ကမ်းပါးကြီးကျေးရွာရှိ စစ်အာဏာရှင် တပ်ရဲ့ ယာယီစခန်းတခုမှာ တာဝန်ကျနေတဲ့ အသက် ၂၇ နှစ်ခန့်အရွယ် စစ်မှုထမ်းအပတ်စဉ် ၈ က တပ်သားသစ် လူငယ်တယောက် ရုတ်တရက် သေဆုံးသွားတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “သိရသလောက်တော့ တပ်သားသစ်က ဖျားနေတာ ၃ ရက်၊ ၄ ရက်လောက် ရှိပြီလို့ သိရတယ်။ အလုပ်တွေလည်း မနားတမ်း လုပ်ရတယ်။ ဆေးဝါး သုံးစွဲခွင့်လည်း မရဘဲ သေဆုံးသွားတာပါ။ ကမ်းပါးကြီး ယာယီတပ်စခန်းမှာပဲ သေဆုံးသွားတာ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်မှုထမ်းတပ်သားသစ်ဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ကဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၈ မှာ သင်တန်းဆင်းခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမအစပ်က ရှေ့တန်းစခန်း တွေကို ပို့ဆောင်ခံခဲ့ရတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ ရှေ့တန်းစခန်းတွေမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားတွေ အပါအဝင် စစ်အာဏာရှင်တပ်သားတွေဟာ အစာရေစာ ငတ်မွတ်တာ၊ ဆေးဝါးကုသခွင့် မရတာနဲ့ အလုပ်ကြမ်း တွေကို အဆမတန် လုပ်ကိုင် ခိုင်းစေတာတွေကြောင့် တပ်ကနေ ထွက်ပြေးမှုတွေလည်း ဖြစ်ပေါ် နေတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။











