သာပေါင်းတွင် စစ်တပ်က စစ်ရှောင် ၃ ဦးကို AA တပ်ဖွဲ့ဝင်ဟု စွပ်စွဲဖမ်းဆီး

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင် လက်အောက်ခံ ခမရ ၃၀၈ တပ်က ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်လာသူ ၃ ယောက်ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
ခမရ ၃၀၈ တပ်က အင်အား ၂၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီ ခန့်က သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာထဲကို စစ်ကြောင်းထိုးလာရင်း လမ်းမှာတွေ့တဲ့ ရခိုင် စစ်ဘေးဒုက္ခသည် ၃ ယောက်ကို AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံက ပြောပါတယ်။
ဒေသခံတယောက်က “သစ်ဖြူကျေးရွာအနီးမှာ အဖမ်းခံရတာပါ။ AA တပ်ဖွဲ့ဝင်တွေဆိုပြီး ဖမ်းသွားတာ။ ကြိုးတွေနဲ့တုပ်ပြီး ဖမ်းသွားတာပါ။ စစ်ဘေးဒုက္ခသည်တွေချည်းပဲ။ AA တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ အလုပ်ကပြန်လာချိန်မှာ စစ်ကြောင်းနဲ့တိုးတာနဲ့ ဖမ်းသွားတာပါ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ စစ်ဘေးရှောင်လာပြီး သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာနဲ့ အနီးဝန်းကျင်မှာ နေထိုင်နေတဲ့ ဦးတင်ထွန်း၊ ကိုလှထွေးနဲ့ ကိုမင်းသူတို့ ဖြစ်ပါတယ်။
သာပေါင်းမြို့နယ်အတွင်း ခမရ ၃၀၈ တပ်နဲ့ နီးစပ်သူတယောက်က “ဒီရက်ထဲ ခမရ ၃၀၈ တပ်က တပ်သားတွေ ခပ်စိပ်စိပ် စစ်ကြောင်းထိုးနေတယ်။ မကြာခဏ စစ်ကြောင်းထိုးနေတာပါ။ သူတို့ စစ်ကြောင်းနဲ့တိုးရင် အခုလို AA တပ်ဖွဲ့ဝင်တွေလို့ ခေါင်းစဉ်တပ်ပြီး ဖမ်းတာပဲ” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်အတွင်း သစ်ဖြူကျေးရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာတွေမှာ ဩဂုတ်လနဲ့ စက်တင်ဘာလ ပထမပတ်အတွင်း စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေကို မတွေ့ရတော့သလို တိုက်ပွဲတွေလည်း ငြိမ်သက်နေပြီဖြစ်ပေမဲ့ ခမရ ၃၀၈ တပ်က အခုလို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း သစ်ဖြူကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အရပ်သား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းဆီးခဲ့ သေးတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတွေက ဆိုပါတယ်။











