သာပေါင်းတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေဆုံး

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာရှိ စစ်အာဏာရှင်တပ်ရဲ့ ယာယီစခန်းမှာ တပ်ဖွဲ့ဝင်အချင်းချင်း အရက်သောက်ပြီး ရန်ဖြစ်ရာကနေ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် တယောက် သေဆုံးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင် နှစ်ယောက် အရက်အတူသောက်စားနေကြရင်း စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
သေဆုံးသူဟာ ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ရင်ဘတ်မှာ သေနတ်ဒဏ်ရာရရှိကာ အခင်းဖြစ် နေရာမှာပဲ သေဆုံးခဲ့တာလို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တပ်တွင်းသတင်းရင်းမြစ်တယောက်က “အရက်မူးပြီး စကားများ ရန်ဖြစ်ကြရာကနေ သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ တပ်ဖွဲ့ဝင်တယောက်ကတော့ သေဆုံးသွားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာရှိ ယာယီစခန်းမှာ တာဝန်ကျနေတဲ့ စစ်အာဏာရှင်တပ်က အရာရှိအချင်းချင်း သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လတ်တလောအနေနဲ့ ဧရာဝတီတိုင်းအတွင်းက ယာယီစခန်းတွေနဲ့ ရှေ့တန်းစခန်းတွေမှာ စစ်အာဏာရှင်တပ်က တပ်သားတွေ ထွက်ပြေးတာ၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ် သတ်ဖြတ်တာနဲ့ အလုပ်ကြမ်းနဲ့ ငတ်မွတ်မှုဒဏ်ကြောင့် သေဆုံးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အဆိုပါအခြေအနေဟာ တပ်တွင်းအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေအကြား အချင်းချင်း ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှု အားနည်းလာတဲ့ အခြေအနေကို ပြသနေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ပါတယ်။











