DVB Logo
Home
မြန်မာသတင်း

စစ်မှုထမ်းအကြောင်းပြပြီး ပေါ်တာဆွဲခံရသူအချို့ ကျားဖောင်လုပ်ငန်းခွင်၌ ရောင်းစားခံနေရ

DVB
·
November 19, 2026
Photo: DVB (ပုံဟောင်း) 
Photo: DVB (ပုံဟောင်း) 
Donate to DVB

ရန်ကုန်မြို့မှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ပေါ်တာဆွဲ ဖမ်းဆီးခံနေရသူတချို့ဟာ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းခွင်တွေဆီ ရောင်းစားခံနေရတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

ကျားဖောင်လုပ်ငန်းတွေဟာ မြန်မာ့ပင်လယ်ပြင်၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ စတဲ့ ကမ်းရိုးတန်းဒေသတွေမှာ ပိုမိုလုပ်ကိုင်ကြတာဖြစ်ပြီး အမည်မသိလူတစုကတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေကို တောင်းဆိုတဲ့ ငွေပမာဏအတိုင်း ပေးမှသာ ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုနေကြတယ်လို့ ဖမ်းခံရသူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တယောက်နဲ့ နီးစပ်သူက “အင်းစိန်သွားရင်းက အဖမ်းခံလိုက်ရတာ။ အသက်ကတော့ ၃၀ ကျော်ပြီ။ ဖုန်းဆက်လာမှ ဖမ်းခံရမှန်း သိရတယ်။ ဘယ်နေရာကို ဖမ်းသွားလဲ ဆိုတာတော့ သေချာမသိဘူး။ သူတို့ပြောတာကတော့ သူ့ကိုဖမ်းပြီး ကျားဖောင်ထဲကို ရောင်းစားလိုက်ပြီ။ ပြန်ရွေးချင်ရင် ၃၅ သိန်းနဲ့ လာရွေးလို့ အဲလိုပြောတယ်။ အဲဒါဆို လူကိုပြ၊ အသက်ရှိသေးလား၊ မရှိသေးလား သိချင်တယ် ဆိုတာကို အခုထိ လူလုံးလည်း မပြနိုင်တော့ ကိုယ်တွေဘက်ကလည်း ဒီပိုက်ဆံကို မပေးရဲဘူး” လို့ ပြောပါတယ်။

အခုလို လူငယ်တွေကို ဖမ်းဆီးနေတဲ့သူတွေဟာ ဘယ်အဖွဲ့အစည်း ဘယ်သူတွေမှန်း သေချာမသိရတဲ့အပြင် ဖမ်းဆီးခံရသူရဲ့ အခြေအနေကို အတိအကျ ပြောပြတာမျိုးမရှိဘဲ မိသားစုဝင်တွေကို ငွေကြေး ခြိမ်းခြောက်တောင်းခံနေတာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ကို ပြန်လည်ဆက်သွယ်ဖို့ ဆိုတာကလည်း ခက်ခဲနေပြီး သူတို့ဘက်က ဆက်သွယ်လာချိန်ကိုသာ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က “ဟိုးအရင် ဒီဥပဒေမရှိကတည်းက လူမှောင်ခိုဈေးကွက်ဆိုတာ ရန်ကုန်တို့ ပဲခူးတို့မှာ အခြေစိုက်တဲ့ တပ်မှူးကြီးတွေ၊ အဆင့်မြင့်အရာရှိတွေ လုပ်တဲ့အနေအထားပါ။ အခုတော့ သူတို့တွေက ပြည်သူ့စစ်တွေ၊ အရင်တုန်းက လူမိုက်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စစ်မှုထမ်းနဲ့ အခုလို လူမှောင်ခို လမ်းကြောင်းတွေအတွက် လုပ်နေတာမျိုး ရှိတယ်” လို့ မှတ်ချက်ပြုပါတယ်။

စစ်မှုထမ်းဥပဒေ အသက်ဝင်လာချိန်ကစလို့ ပြည်တွင်းက လူငယ်လူရွယ်တွေ အများအပြားဟာ လမ်းသွားရင်း အဓမ္မ ဖမ်းဆီးခံနေရရုံတင်မကဘဲ အကြောင်းပြချက်မရှိဘဲ အိမ်အတွင်းထဲအထိ ဝင်ရောက်ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

ဒီကျားဖောင်တွေပေါ် ရောက်သွားတဲ့ လူအများစုဟာ ဟိုးအရင်အချိန်ကတည်းက လူကုန်ကူးခံရတာ၊ ခေါင်းပုံဖြတ်တာ၊ အဓမ္မ ရိုက်နှက်နှိပ်စက် ခိုင်းစေတာတွေအပြင် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေပါ အများအပြား ရှိနေတာကြောင့် လက်ရှိ ဖမ်းဆီးခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013