မြောင်းမြတွင် စစ်မှုထမ်းပြီး ပြန်လာသူကို ဂုဏ်ပြုရန်ဆိုကာ ရပ်ကွက်အတွင်း ငွေကောက်ခံ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ မြရတနာရပ်ကွက်မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး နေရပ်ပြန်လာတဲ့ လူငယ် တယောက်ကို ဂုဏ်ပြုငွေပေးအပ်ဖို့ဆိုကာ စစ်အာဏာရှင်ဩဇာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး က ရပ်ကွက်အတွင်းရှိ ပြည်သူတွေဆီက ငွေကြေးကောက်ခံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြရတနာရပ်ကွက်မှာ နေထိုင်တဲ့ ဦးဌေးဦးရဲ့ သားဖြစ်သူ တပ်သားချစ်ခိုင် (ကိုယ်ပိုင်အမှတ် ၁၂၉၁၀၂၊ ခလရ ၂) ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်အထိ စစ်မှုထမ်းခဲ့ပြီးနောက် မြောင်းမြမြို့ရှိ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
အဲဒီနောက် တပ်သားချစ်ခိုင်ကို ဂုဏ်ပြုငွေချီးမြှင့်ဖို့ဆိုကာ စစ်အာဏာရှင်ခန့် မြရတနာရပ်ကွက် အုပ်ချုပ်ရေးမှူး ညွန့်လှိုင်က နိုဝင်ဘာလ ဒုတိယပတ်မှာ ရပ်ကွက်အတွင်းရှိ အပိုင် ၄ ပိုင်ကနေ တပိုင်ကို ငွေကျပ် ၂ သိန်းစီ ကောက်ခံခဲ့တာဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၈ သိန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရပ်ကွက်ထဲမှာ စစ်မှုထမ်းကိစ္စအကြောင်းပြပြီး ငွေကောက်တာတွေက တကြိမ်တည်းမဟုတ်ပါဘူး။ ပြည်သူတွေကလည်း စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အချိန်မှာ အခုလို ငွေကြေးကောက်ခံတာတွေကြောင့် ပိုပြီးအခက်အခဲဖြစ်ရပါတယ်”လို့ ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ကောက်ခံရရှိတဲ့ ငွေကျပ် ၈ သိန်းထဲက တပ်သားချစ်ခိုင်ကို ဂုဏ်ပြုငွေအဖြစ် ငွေကျပ် ၃ သိန်းသာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ငွေကို အုပ်ချုပ်ရေးမှူးက အသုံးပြုလိုက်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
မြရတနာရပ်ကွက်အတွင်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေးကောက်ခံမှုတွေ မကြာခဏ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေကြားမှာ မကျေနပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ပြီးနောက် လူငယ်တွေ အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရတာ၊ စစ်မှုထမ်းကြေး ပေးဆောင်ရတာတွေနဲ့ပတ်သက်ပြီး လူငယ်တွေနဲ့ မိသားစု တွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။











