ရန်ကုန်တွင် အဓမ္မပေါ်တာဆွဲခံရသူများ တိုက်ကြီး တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ အဓိကထား ရှာဖွေရန် အကြံပြု

ရန်ကုန်တိုင်းအတွင်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူအများစုကို ပြန်လည်ရှာဖွေရာမှာ တိုက်ကြီးမြို့နယ်မှာ အခြေစိုက်တဲ့ အမှတ် ၁ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ အဓိကထား ရှာဖွေကြဖို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီး စုဆောင်းတာတွေဟာ ပိုမိုဆိုးရွားလာနေပြီး စီးပွားရေးဈေးကွက်တခုလို ဖြစ်လာနေတာပါ။ နောက်ပိုင်း ဖမ်းဆီးခေါ်ဆောင်လာသမျှ လူအားလုံးကို တိုက်ကြီးသင်တန်းကျောင်းကိုပဲ အရင်ဆုံး ပို့ဆောင်တာလို့ စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
ဒါကြောင့် လူပျောက်ဆုံးကြောင်း သိသိချင်း အချိန်မဆွဲဘဲ အဲဒီသင်တန်းကျောင်းကို အရင်ဆုံး သွားရောက်ရှာဖွေကြဖို့နဲ့ ကြားထဲမှာ ဖမ်းဆီးတဲ့ အဖွဲ့အစည်းတွေ များပြားတာကြောင့် လုံးဝပျောက်ဆုံးသွားရင်တော့ တဖက်လှည့်နဲ့ တခြားနေရာတွေကို ရောင်းစားခံရတာမျိုးတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်း လူသစ်စုဆောင်းရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ ကွပ်ကဲမှုနဲ့ နယ်မြေခံတပ်နယ်မှူးတွေက တရားဝင် ဆင့်ခေါ်စုဆောင်းတာတွေ လုပ်ဆောင်ရပြီး လိုအပ်တဲ့ လူဦးရေ မပြည့်မီတဲ့အပေါ် မူတည်ကာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သင်တန်းအပတ်စဉ်တခုမှာ စစ်သင်တန်းကျောင်း တကျောင်းစီကို လူဦးရေ ၂၅၀ ကနေ ၃၀၀ အထိ မပြည့်ပြည့်အောင် ဖြည့်တင်းပေးရတယ်လို့ သိရပြီး အဲဒီလို ဖြည့်တင်းနိုင်ဖို့ စလင်းတပ်နယ်နဲ့ မကွေးတပ်နယ် စတဲ့ နယ်မြေခံတပ်နယ်မှူးတွေကို အချိုးကျ ခွဲဝေသတ်မှတ်ပေးထားတာ ဖြစ်တယ်လို့ နောက်ထပ် စစ်တပ်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဖမ်းဆီးရမိသူတွေထဲက ဆယ်တန်းအောင်၊ ဘွဲ့ကြိုနဲ့ ဘွဲ့ရ လူငယ်အများစုကိုတော့ ဗထူးမှာရှိတဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းနဲ့ တကန လို့ခေါ်တဲ့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွေကို ပို့ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက်ပိုင်း လူဦးရေပြည့်မီဖို့ နည်းလမ်းမျိုးစုံနဲ့ စုဆောင်းနေတာကြောင့် နေ့စဉ်နဲ့အမျှ လူပျောက်ဆုံးမှုတွေ များပြားလာသလို ပြန်လည်ရှာဖွေရ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အပတ်စဉ် ၂၂ မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်တယောက်ရဲ့ မိခင်ကတော့ သူ့ရဲ့သားဖြစ်သူ အိမ်အနီးမှာ မုန့်ထွက်ဝယ်ရင်း ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ် ပြန်ရချိန်မှာ ရှေ့တန်းစစ်မြေပြင်ကိုတောင် ရောက်ရှိနေပြီ ဖြစ်တာကြောင့် ပြန်ခေါ်လို့ မရတော့ဘူးလို့ ရင်ဖွင့်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးတဲ့ အဖွဲ့အစည်းတွေ များပြားနေတာကြောင့် မိသားစုဝင်တွေ ဖမ်းဆီးခံရရင်တောင် ဘယ်သူ့ကို အရင်အကြောင်းကြားပြီး ဘယ်နေရာကနေ စတင်ရှာဖွေရမယ် ဆိုတာ ချက်ချင်းမသိနိုင်ဘဲ လူငယ်တွေအတွက် နေ့စဉ် အထိတ်တလန့် ဖြစ်နေရတယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ လူပျောက်ဆုံးသွားပြီဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပျူစောထီးအဖွဲ့တွေ၊ အနီးစပ်ဆုံး နယ်မြေခံ တပ်ရင်းဌာနချုပ်တွေဆီမှာ အချိန်မီ ငွေကြေးနဲ့ လိုက်လံရွေးထုတ်မယ်ဆိုရင် ပြန်လည်ရရှိနိုင်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
တဖက်မှာတော့ စစ်အာဏာရှင် လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အောက်တိုဘာ ၃၁ ရက်အထိ စစ်မှုထမ်းဆင့်ခေါ်ရာမှာ အဓမ္မဖမ်းဆီး ဆင့်ခေါ်တာနဲ့ တရားမဝင် ငွေကြေးကောက်ခံတာတွေကြောင့် ငွေကြေးဆိုင်ရာအမှု ၄၉ မှုက တရားခံ ၁၀၂ ယောက်နဲ့ အဓမ္မဆင့်ခေါ်မှုဆိုင်ရာ အမှု ၂၂ မှုက တရားခံ ၉၇ ယောက်၊ စုစုပေါင်း ၇၁ မှုမှာ တရားခံ ၁၉၉ ယောက်ကို အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။











