
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်တကြိမ်မှာ ဥရောပကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပြုဖို့ ရုရှားဘက်က သဘောတူထားတာ မရှိဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ အကြံပေးတယောက်က နိုဝင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
ဒီပြောဆိုချက်ဟာ ရုရှားအစိုးရအနေနဲ့ ဥရောပပါဝင်လာမဲ့အပေါ် လက်ခံဖို့ အဆင်သင့် ရှိနေတယ်လို့ အမေရိကန်ညှိနှိုင်းရေးမှူးတွေက ပြောခဲ့တဲ့ အချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ အပတ်က အဘူဒါဘီမြို့တော်မှာ ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် တာဝန်ရှိသူတွေက ၉ လအတွင်း ပထမဆုံး အကြိမ်ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် အမေရိကန်ကိုယ်စားလှယ် ၂ ယောက်က မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီး၊ နောက်တကြိမ် ဆွေးနွေးပွဲတွေမှာ ဥရောပပါဝင်ခွင့်ပြုဖို့ ပူတင်က သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ကရင်မလင် အကြံပေး ယူရီအူရှာကော့ဗ်က ဒီအပြောတွေကို တိုက်ရိုက်ရည်ညွှန်းပြောဆိုခြင်း မရှိပေမဲ့ “လက်ရှိ ဆွေးနွေးနေကြတာကတော့ နောက်တကြိမ် ဆွေးနွေးပွဲကို ၃ ပွင့်ဆိုင်ပုံစံနဲ့ ကျင်းပဖို့ပါ။ ဆွေးနွေးပွဲပုံစံကို တိုးချဲ့ဖို့ကိစ္စနဲ့ ပတ်သက်ပြီး တချို့လူတွေ ပြောနေကြပေမဲ့ ကျနော်တို့ဘက်ကတော့ သဘောတူညီထားခြင်း မရှိပါဘူး”လို့သတင်းထောက်တွေကို ပြောပါတယ်။
ဥရောပပါဝင်ခွင့်ပြုဖို့ ရုရှားဘက်က သဘောတူညီမှုရဖို့ ဘာတွေလိုအပ်မလဲလို့ မေးမြန်းရာမှာ အူရှာကော့ဗ်က "အဲဒီလို သဘောတူညီမှု မရခင်မှာ လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေကို နောက်ထပ် တကြိမ် (ဒါမှမဟုတ်) တကြိမ်ထက်ပိုပြီး ကျင်းပဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်”လို့ ဖြေပါတယ်။
ဥရောပနိုင်ငံတွေက ယူကရိန်းအရေး အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် "သူတို့ ဘာလိုချင်သလဲ၊ ဘယ်လို အပြုသဘောဆောင်ပြီး အနှစ်သာရရှိတဲ့ အထောက်အကူမျိုး ပေးနိုင်မလဲ" ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ သဘောထားတခု ရုရှားဆီ ပေးမှသာ သူတို့ ပါဝင်ခွင့်ရနိုင်မယ်လို့လည်း အူရှာကော့ဗ်က ပြောပါတယ်။
Source:Reuters











