
စစ်အာဏာရှင်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးရာမှာ နယ်မြေခံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပါဝင်နေပြီး ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေဆီက ငွေကြေးတောင်းခံမှုတွေလည်း ရှိနေတယ်လို့ အခြေအနေတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လတ်တလော ရန်ကုန်က လမ်းမတွေနဲ့ ညဘက် လူပြတ်တဲ့နေရာတွေမှာ လူငယ်တွေကို ကားပေါ် အတင်းဆွဲတင် ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာမှာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ပျူစောထီးအဖွဲ့တွေက လုပ်ဆောင်နေကြတာဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “လမ်းမတွေမှာ ပေါ်တာဆွဲတာတွေ၊ ညဘက်ကို လူပြတ်တဲ့ နေရာတွေမှာ ကားတွေနဲ့ ဆွဲနေတာ တကယ်တော့ နယ်မြေခံရဲတွေ ကိုယ်တိုင်ပါပြီးတော့ကို လုပ်နေတာ။ ထွေအုပ်ကလူတွေလည်း ပါတယ်။ ဖမ်းပြီးတာနဲ့ စခန်းထဲကို ခေါ်လာလိုက်တာနဲ့ ချက်ချင်းပဲ စစ်မေးလိုက်တယ်။ မေးပြီးတာနဲ့ပဲ စစ်မှုထမ်းစာရင်းထဲမှာပါလို့ ဖမ်းတဲ့ပုံစံမျိုး ချက်ချင်း လုပ်ပစ်လိုက်တာ။ နောက်ပြီးတော့ ပျူစောထီးကောင်တွေ ပါတယ်။ အဲဒီကောင်တွေက ဖမ်းပြီးတာနဲ့ သူတို့ဖမ်းတဲ့နေရာရဲ့ မြို့နယ်က ထွေအုပ်ရုံးကို ပို့တယ်။ ပို့ပြီးတာနဲ့ အဲဒီ ထွေအုပ်ရုံးနဲ့ ပျူစောထီးနဲ့ ပေါင်းပြီးတော့ စစ်မှုထမ်းရတဲ့နေရာမှာရှိတဲ့ တပ်ရင်းကို ပို့ထားလိုက်တယ်။ ပြီးရင် မိဘတွေကို ဆက်သွယ်ပြီး ပိုက်ဆံတောင်းတယ်။ ပျူစောထီးရယ် တပ်ရင်းမှူးဆိုတဲ့ကောင်ရယ်၊ ဒုတပ်ရင်းမှူးတွေ ပေါင်းပြီးတော့ ပိုက်ဆံကို မျှယူနေကြတာ။ ပိုက်ဆံမပေးနိုင်ရင်တော့ လူစားထိုးလို့ရမဲ့သူဆီက ပိုက်ဆံတောင်းပြီး ဖမ်းထားတဲ့သူတွေကို အစားထိုးတာမျိုး အခုလုပ်နေကြတာ” လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေကို အသုံးချပြီး လူစားထိုး အရောင်းအဝယ်ပြုလုပ်တာ၊ လူဖမ်းဆီးငွေညှစ်တာနဲ့ လူဖမ်းမှောင်ခိုဂိုဏ်းတွေရဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေမှာ စစ်တပ်အရာရှိတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ထဲထဲဝင်ဝင် ပါဝင်ကျူးလွန် ပတ်သက်နေကြတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကလည်း အတည်ပြု ပြောပါတယ်။
MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “အဓမ္မလူဖမ်းပွဲတွေ၊ ပေါ်တာဆွဲ၊ ဖမ်းဆီး အရောင်းအဝယ်တွေမှာ အောက်ခြေအာဏာပိုင်တွေ၊ နယ်မြေခံ လုံခြုံရေးတပ်ရင်းတပ်ဖွဲ့က စစ်အရာရှိတွေ ကျယ်ပြန့်စွာ ပါဝင်နေတာကို တွေ့ရတယ်။ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်လို အဖွဲ့တွေ ရှိတယ်။ ပြီးရင် အုပ်ချုပ်ရေး ထွေအုပ်အာဏာပိုင်လိုဟာမျိုးတွေ ရှိတယ်။ တခါတလေ မီးသတ်လို အဖွဲ့အစည်းတွေ ဒါတွေလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာကို တွေ့ရှိရတယ်။ အစ်ကိုတို့မှာ ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း ပါဝင်ကျူးလွန်နေတဲ့ တပ်ရင်းဌာနတချို့ရဲ့ သက်သေ အထောက်အထားတွေ၊ သတင်းအချက်အလက်တွေလည်း ရရှိထားတာ ရှိတယ်။ ဒီလိုမျိုး ကျယ်ပြန့်ဖြစ်ရတဲ့ အဓိက အကြောင်းရင်းနှစ်ခုကတော့ အထက်ဆင့်ဆင့်က သူတို့ လစဉ် သတ်မှတ်လူဦးရေ ခွဲတမ်းပြည့်ဖို့အတွက် မဖြစ်မနေဖြည့်ရပြီး စုဆောင်းခိုင်းတာနဲ့ နောက်တခုကတော့ ဒီလူစားထိုးအရောင်းအဝယ်တွေကလည်း ငွေကြေးအကျိုးအမြတ်က အများအပြား ရရှိနေတဲ့ အခြေအနေတွေ ရှိနေတယ်။ ဒီတွန်းအားနှစ်ခုက မြေပြင်အောက်ခြေမှာ အဓမ္မပေါ်တာဆွဲ၊ ဖမ်းဆီးမှုတွေ၊ လူဖမ်းမှောင်ခိုဂိုဏ်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အသက်သွင်းခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၉ ခု ဖွင့်လှစ်ခဲ့ပြီး စုဆောင်းခံရသူ ၁၄၀,၀၀၀ ကျော် ရှိလာပြီလို့ ခန့်မှန်းထားပြီး အဲဒီထဲမှာ ၇၀ ရာခိုင်နှုန်းကျော်ဟာ အတင်းအဓမ္မ စုဆောင်းခံရသူတွေဖြစ်တယ်လို့ MDSI ရဲ့ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။











