
ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၁၅ ရပ်ကွက်မှာ စစ်မှုထမ်းကိစ္စနဲ့ လူငယ်တယောက်ကို ရိုက်နှက်ခဲ့လို့ စစ်ဆေးခံနေရသူကို ကြံ့ခိုင်ရေးပါတီက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံခန့်အပ်ခဲ့လို့ ရာအိမ်မှူးတွေ နုတ်ထွက်သွားကြတယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကြိုင်ဟာ ၆ ရပ်ကွက်၊ သီရိမြတ်လမ်းမှာ နေထိုင်တဲ့ မောင်ဝေလင်းထွန်းကို ရုံးအတွင်း ရိုက်နှက်ပြီး စစ်မှုထမ်းဖို့ ထည့်သွင်းခဲ့လို့ ဇူလိုင်လကတည်းက စစ်ဆေးခံနေရတာဖြစ်ပေမဲ့ အရေးယူခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံခန့်အပ်ခဲ့တာလို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
"ရပ်ကွက်က ကလေးတွေကို စစ်မှုထမ်းထဲ ထည့်ရုံတင် မဟုတ်ပါဘူး။ တခြားရပ်ကွက်က ကလေးတွေကိုပါ ရိုက်နှက်ပြီး စစ်မှုထမ်းထဲ ထည့်တာပါ။ အဲဒီကိစ္စကို ခရိုင်က ဇူလိုင်လက ခေါ်ယူစစ်ဆေးပေမဲ့ အရေးမယူခဲ့ပါဘူး။ နောက်တော့ ဒီလူကိုပဲ ကြံ့ခိုင်ရေးပါတီက ထပ်မံခန့်အပ်တာကြောင့် ရာအိမ်မှူးတွေက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ထောင်အကျမခံနိုင်လို့ ဆိုပြီး နုတ်ထွက်သွားကြတာပါ။”
ဦးအေးကြိုင်ကို အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံခန့်အပ်ခဲ့ပြီးနောက် ရာအိမ်မှူးတွေဖြစ်တဲ့ ဦးတင်ရွှေ၊ ဦးစိန်လင်း၊ ဦးခင်ဝင်းနိုင်၊ ဦးဝင်းသိန်းဦးနဲ့ ဦးအောင်အောင်တို့ အသီးသီး နုတ်ထွက်သွားကြတာလို့လည်း ဆက်ပြောပါတယ်။
"လှိုင်သာယာမှာ လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ရောင်းစားနေတာ ကြာပါပြီ။ အရေးယူမဲ့သူ မရှိပါဘူး။ ၈ ရပ်ကွက်နဲ့ ၁ ရပ်ကွက် ကိစ္စဆိုရင် ဖြစ်တာကြာပြီ၊ ဖုံးထားကြတာပါ။ မိသားစုက စုံစမ်းပြီး တိုင်ကြားမှ ဖမ်းဆီးတာပါ။ ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း လူငယ်တွေကို ဖမ်းပြီး ရောင်းစားတာပါပဲ။ တိုင်ပေမဲ့ အရေးမယူပါဘူး။ အရေးမယူတော့ ရောပြီး အဖမ်းမခံနိုင်တာကြောင့် ရာအိမ်မှူးတွေ နုတ်ထွက်သွားကြတာပါ။”
ရပ်ကွက်ကို အုပ်ချုပ်မဲ့ အုပ်ချုပ်ရေးမှူးတယောက်ဟာ အနည်းဆုံး ပညာအရည်အချင်း အလယ်တန်းအဆင့် ရှိရမှာဖြစ်ပြီး ရပ်ကွက်နေသူတွေအပေါ် စောင့်ရှောက်နိုင်မဲ့သူ ဖြစ်ဖို့ လိုအပ်ကြောင်း ရပ်မိရပ်ဖတယောက်က ပြောပါတယ်။
"ကြံ့ခိုင်ရေးပါတီကို ပိုက်ဆံပေးပြီး အုပ်ချုပ်ရေးမှူးနေရာ ရလာတာဆိုတော့ သူပေးထားတဲ့ ပိုက်ဆံကို ရအောင် အရင်ပြန်ရှာမှာပါ။ ကိုယ့်လက်မှတ်တောင် ကိုယ်မထိုးတတ်လို့ ရာအိမ်မှူးတွေကို ထိုးခိုင်းနေတဲ့သူမျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ခန့်လိုက်တော့ ရပ်ကွက်ပဲ နစ်နာရပါတယ်။”
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၁၅ ရပ်ကွက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကွက်နေသူတွေက ဦးဖိုးနီကို အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ခဲ့ပြီး သူက ရပ်ကွက်အကျိုးကို ကြည့်ရှုဆောင်ရွက်ခဲ့လို့ စစ်တပ်က ရာထူးကနေ ဖြုတ်ပစ်ကာ စစ်တပ်အလိုကျ ဖြည့်ဆည်းပေးတဲ့ ဦးအေးကြိုင်ကို အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ လူငယ်တွေကို ဖမ်းဆီးပြီး ရုံးအတွင်း ရိုက်နှက်သတ်ဖြတ်တဲ့ ကိစ္စကြောင့် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနဲ့ ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်နိုင်စိုး အပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတချို့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။











