
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)မှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက် အပူလောင်ဒဏ်ရာတွေနဲ့ သွေးဆိပ်တက်ပြီး သေဆုံးခဲ့တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ထားသူကို အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ လောက်က လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ ၂၀ ရပ်ကွက်၊ မင်းကျော်စွာ ၉ လမ်းက နေအိမ်တအိမ်မှာ ကလေးငယ်တယောက် သေဆုံးနေတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၄ နှစ်အရွယ် မယွန်းယွန်း ဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူလောင်ဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိထားတယ်လို့ ဆိုပါတယ်။
ကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ထားသူ အသက် ၃၅ နှစ်အရွယ် မသင်းသင်းအေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာ သူ့ရဲ့ထွက်ဆိုချက်အရ သေဆုံးကလေးငယ်ဟာ သူ့ရဲ့ ဝမ်းကွဲညီအစ်မဖြစ်သူ အသက် ၃၀ ကျော်အရွယ် အညာသူမရဲ့သမီး ဖြစ်တယ်လို့ သိရပါတယ်။
ကလေးရဲ့မိခင်ဟာ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့ ရှိတာကြောင့် မြဝတီမြို့ ကားကြီးဝင်းကတဆင့် ကလေးကို ခေါ်ယူစောင့်ရှောက်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မိခင်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ကလေးငယ်မှာ ဒဏ်ရာတွေရရှိခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး စောင့်ရှောက်သူက အောက်တိုဘာ ၂၄ ရက် မနက်ပိုင်း နေအိမ်မှာ ဆော့ကစားနေစဉ် ချက်လက်စထမင်းအိုးကို တိုက်မိတာကြောင့် ထမင်းရည်ပူလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
ပွန်းပဲ့ဒဏ်ရာတွေကတော့ အိမ်ပေါ်က ပြုတ်ကျတာကြောင့်ဖြစ်ပြီး ဆေးကုသစရိတ် မတတ်နိုင်တာကြောင့် ဆေးရုံ ဆေးခန်းကို မပို့နိုင်ခဲ့ဘူးလို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကလေးက အပူလောင်ဒဏ်ရာတွေရပြီး နောက်ပိုင်းမှာ သွေးဆိပ်တက် သေဆုံးသွားတာလို့ သိရပါတယ်။ ဆေးရုံ ဆေးခန်းကို ပို့ဆောင်ကုသတာ မရှိခဲ့တဲ့အတွက် စောင့်ရှောက်ထားသူကို အမှုဖွင့် အရေးယူထားတာပါ” လို့ ပြောပါတယ်။
ကလေးငယ် သေဆုံးပြီးနောက် ရုပ်အလောင်းကို လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ အပူလောင်ဒဏ်ရာတွေကြောင့် ခန္ဓာကိုယ်အတွင်း ပိုးဝင်ပြီး သွေးဆိပ်တက် သေဆုံးခဲ့တာဖြစ်ကြောင်း မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။
ကလေးငယ်မှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိနေခဲ့ပေမဲ့ ဆေးရုံ ဆေးခန်းကို ပို့ဆောင်ကုသပေးတာ မရှိဘဲ ပေါ့လျော့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင် လက်အောက်ခံ ရဲအရာရှိတယောက်က တရားလိုပြုလုပ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်း(အနောက်ပိုင်း)မှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ အမှုအမှတ် (ပ) ၁၁၁၈/၂၀၂၆ နဲ့ အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်နေ ပါတယ်။











