
ရန်ကုန်တိုင်းမှာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ ရဖို့အတွက် ခရိုင်နဲ့ မြို့နယ်ကို လာဘ်ထိုးရတဲ့ ငွေကြေးမှာ ကျပ် သိန်း ၃၀၀ ကနေ သိန်း ၅၀၀ အထိ ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တရက်ကို ဝင်ငွေ ၅ သိန်းကနေ ၇ သိန်းရှိတဲ့ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ ခရိုင်နဲ့ မြို့နယ်ကို ကျပ် သိန်း ၅၀၀ အထိပေးပြီး အုပ်ချုပ်ရေးမှူးနေရာကို ဆက်ပြီး ယူထားကြတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ပေးမှာပဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဝင်ငွေက တလကို ကျပ် သိန်း ၁၅၀ နဲ့ ၂၀၀ ကြားရှိတယ်။ ထောက်ခံစာတစောင် ကျပ် ၃,၀၀၀၊ စက်မှုဇုန်ရှိတဲ့မြို့သစ်ဆိုတော့ တရက်ကို အနည်းဆုံး လူ ၁၀၀ လောက် ထောက်ခံစာလုပ်ကြတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူ ထောင်ချီရှိတယ်။ ဧည့်စာရင်းတိုင်ခ ကျပ် ၁,၀၀၀ ပေးရတယ်။ တရက် ဘယ်လောက်ရလဲ တွက်လို့ရတယ်။ သိန်း ၅၀၀ ပေးပြီး အုပ်ချုပ်ရေးမှူးလုပ်လည်း ပေးရတဲ့ငွေကို ၃ လအတွင်း ပြန်ရှာလို့ရတယ်။”
လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာကို ကျပ် သိန်း ၂၀၀ ကနေ သိန်း ၃၀၀ အထိ မြို့နယ်ထွေအုပ်ကို ပေးပြီး လုပ်ကြတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က DVB ကို ပြောပါတယ်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ချင်ရင် ပညာတတ်ဖို့မလိုဘူး။ ပိုက်ဆံပေးနိုင်ရမယ်၊ စစ်တပ်ကို သတင်းပေးနိုင်ရမယ်၊ ရိုက်နှက်ရဲရမယ်။ ၁၅ ရပ်ကွက်က အုပ်ချုပ်ရေးမှူးဆို ၄ တန်းပဲအောင်တယ်။ မြို့နယ်ကို သိန်း ၃၀၀ ပေးပြီး လုပ်တာ သူ့အဖေက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ငွေကြာရံဘုန်းကြီးကျောင်းက သံဃာ ၂ ပါးကို ရိုက်သတ်ခဲ့တဲ့ စွမ်းအားရှင်အဖွဲ့က ဆင်ကြီးဝင်းတင် ဖြစ်လို့ စစ်တပ်က ထောက်ခံစာပေးတာ။”
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ရပ်ကွက်က ရပ်မိရပ်ဖ ၅ ယောက်ကို အရင်ရွေးချယ်ရပြီး ရပ်မိရပ်ဖတွေကနေ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ရွေးချယ်ကာ ရာအိမ်မှူးတွေထဲက အုပ်ချုပ်ရေးမှူးကို မဲပေးရွေးချယ်ရတာလို့ ထွေအုပ်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“လုပ်ငန်းစဥ်နဲ့ ဥပဒေအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးတာ NLD အစိုးရလက်ထက်မှာပဲရှိတာ။ အခုက စစ်တပ်က သူ့လူကို ခန့်တာရယ်၊ ထွေအုပ်က ငွေယူပြီး ခန့်တာပဲ ရှိတော့တယ်။ ဥပဒေအရ ရပ်ကွက်က ရွေးချယ်တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူး မရှိတော့ဘူး။”
စစ်အာဏာရှင်တပ်အတွက် စစ်မှုထမ်းဥပဒေကို အသုံးချပြီး အဓမ္မ စစ်သားစုဆောင်းရာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံပြည်သူတွေဆီကနေ ကျယ်ကျယ်ပြန့်ပြန့် လာဘ်စားနေကြတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ စစ်တပ်က ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဆက်လက်ခန့်ထားတာကြောင့် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုထားပါ။











