
ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ အောက်တိုဘာ ၅ ရက်က လုယက်မှုဖြစ်ခဲ့ပြီး အမျိုးသား ၂ ယောက် သေဆုံးကာ ငွေကျပ် သိန်း ၈၀၀ ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၆ နာရီခွဲက လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကျန်စစ်သားအိမ်ရာ ကျောင်းလမ်းနဲ့ စိန်ပန်းလမ်းထောင့်မှာ ယာဥ်မောင်းတယောက်ကို သတ်ပြီး ငွေကျပ် သိန်း ၈၀၀ ယူသွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဖျာပုံကနေ ဘုရင့်နောင်ပွဲရုံမှာ စျေးလာဝယ်တာ၊ ပိုင်ရှင်က ပွဲရုံမှာစောင့်ပြီး ယာဥ်မောင်းကို တခြားပွဲရုံတခုကို သွားခိုင်းတဲ့အချိန် သတ်ဖြတ်လုယက်ခံရတာ။ ယာဥ်မောင်းလည်ပင်းကို ဓားနဲ့ ၇ ချက်ထိုး လက်တွေကိုခုတ်ပြီး ကားပေါ်က သိန်း ၈၀၀ ယူသွားတာ။”
ရဲတွေက သေဆုံးသူ ယာဥ်မောင်း ဦးဟန်ညွန့်ကို လှိုင်သာယာဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို လှိုင်သာယာအရှေ့ပိုင်း မြို့မရဲစခန်းက (ပ)၁၁၈၆/၂၀၂၆၊ ပုဒ်မ ၃၀၂၊ ၃၉၂ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီခွဲကလည်း မြောက်ဒဂုံမြို့နယ် ၄၂ ရပ်ကွက် ဦးဝိစာရလမ်းမပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တဆိုင်ကို အမျိုးသား ၃ ယောက်က အနုကြမ်းစီး ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသားကို ဓားနဲ့ခုတ်သတ်သွားတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဆိုင်ရှင်တယောက်တည်း ရှိတဲ့အချိန် လူ ၃ ယောက်က ဝင်လာပြီး အနုကြမ်းစီး ဓားပြတိုက်တာ။ ဆိုင်ရှင်အမျိုးသားကို ဓားနဲ့ထိုးခုတ်သွားတာ မနည်းဘူး။ အဲလိုခုတ်နေတဲ့အချိန် သူ့မိန်းမ ရောက်လာတော့ သူ့မိန်းမကိုပါခုတ်တာ။ ပိုင်ရှင်အမျိုးသမီးတော့ မထိဘူး။ အဲ့အစ်မက အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီလှမ်းတောင်းတော့ လုတဲ့သူတွေ ထွက်ပြေးသွားတယ်။ ပစ္စည်းတွေ ပါမသွားဘူး။ ဓားနဲ့ခုတ်ခံရတဲ့ ဆိုင်ရှင်အမျိုးသား ဒဏ်ရာတွေကြောင့် ဆေးရုံရောက်ပြီး မကြာဘူး သေသွားတယ်။”
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ရဲစခန်းက လုယက်မှုကျူးလွန်သူ ၃ ယောက်ကို ဖမ်းမမိသေးပေမဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်း လုယက်မှုအဖြစ်အများဆုံး မြို့နယ်ထဲမှာ လှိုင်သာယာအရှေ့ပိုင်း၊ အနောက်ပိုင်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်လည်း ပါဝင်ပါတယ်။










