DVB Logo
Home
Lead Story
အဓိပ္ပာယ်မဲ့ ငြိမ်းချမ်းရေး ထိုးဇာတ်ကြီး
DVB
·
July 1, 2025
အဓိပ္ပာယ်မဲ့ ငြိမ်းချမ်းရေး ထိုးဇာတ်ကြီး
Donate to DVB

စစ်အုပ်စုသည် ၎င်းတို့ မထော်မနန်း ဖန်တီးထားသည့် ရွေးကောက် ပွဲဆိုသည့် ထိုးဇာတ်ကြီးအတွက် ပွဲကြည့်ပရိသတ် ရှာနေပြီဖြစ်သည်ဟု Asia Times တွင် ဒေး‌ဗစ် စကော့မေသီဆန်က ယခုလို ရေးသားလာခဲ့သည်။

ထို့အတွက် ပြင်ဆင်သည့်အနေဖြင့် သုံးရက်ကြာ ငြိမ်းချမ်းရေးဖိုရမ်ကြီးကို နေပြည်တော်ရှိ အုတ်ကျိုး အုတ်ပဲ့များအကြား ပြုလုပ်လာခဲ့သည်။ တက်ရောက်လာသူများကတော့ စစ်အုပ်စု ထိပ်တန်း စစ်ခေါင်းဆောင်များ၊ သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ယခုအခါ အသက်မဝင်တော့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် သမန်ကာလျှံကာမျှ သိရှိခဲ့သူများပင် ယုတ္တိနှင့် ကင်းကွာလှသည့် ထင်ယောင်ထင်မှား အတွေးအခေါ်မျှသာဟု ယူဆကြမည်လည်း ဖြစ်သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်နေရသည်သာမက စီးပွားရေး တောက်လျှောက် ကျဆင်းလာမှု၊ ပြည်တွင်းရေး မတည်ငြိမ်မှုများနှင့် လုံးချာလိုက်နေသည့် နိုင်ငံလည်း ဖြစ်သည်။

ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုသည်ကလည်း လုပ်ကွက်မရှိ၊ ရွေးကောက်ပွဲ ဆိုသည်ကလည်း ယုံကြည်ရလောက်သောဟု ခေါင်းစဉ်တပ်လိုက်ရုံဖြင့်ပင် မြောင်းထဲရောက်သွားပြီ ဖြစ်သည်။ ညီညွတ်မှု ဆိုသည်လည်း မရှိ၊ တကယ်တမ်း ရှိနေသည်က ၎င်းတို့အား ဖြိုလှဲရန် မဟာဗျူဟာအရ ပူးပေါင်းနေကြသည့် တိုင်းရင်းသားအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အကြားတွင်သာ ဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အနာဂတ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်သည် ဆိုသော စကားသည်လည်း ပြီးခဲ့သည့် ခြောက်လလုံးလုံး ပြောခဲ့သည်များမှ ထူးခြားမလာခဲ့။ လက်ရှိအသုံးပြုနေသော မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (first-past-the-post - FPTP) အပြင်၊ အချိုးကျ ကိုယ်စားပြုစနစ် (proportional representation - PR) ကိုလည်း ရောနှောစနစ်ပုံစံဖြင့် အသုံးပြုသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းတို့လုပ်မည်ဆိုသော ရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်များ ပါဝင်မည်မဟုတ်သဖြင့် နိုင်ငံ၏ ကျန်တဝက်ခန့်တွင်သာ လုပ်ရန် ရည်ရွယ်ထားသည်။

ထိုသို့ ပြောဆိုပြီး တက်ရောက်လာသူများနှင့် ဓာတ်ပုံတွဲ အရိုက်ခံပြီး ယခုနှစ်အတွင်း သုံးကြိမ်‌မြောက်အဖြစ် ဘဲလာရုစ်နှင့် ရုရှားသို့ သွားရန် ၎င်းအတွက် ဝယ်ပေးထားရသည့် လေယာဉ်ကြီးပေါ် တက်သွားတော့သည်။ ၎င်းတို့၏ စိတ်တော်သိ မီဒီယာများကလည်း ငြိမ်းချမ်းရေးဖိုရမ်ကြီးကို သမန်ကာလျှံကာမျှသာ ရေးသားထုတ်လွှင့်ကြပြီး ခေါင်းဆောင်ကြီး၏ မင့်စ်ရှိ ဆေးဝါးစက်ရုံသွားသည်နှင့် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ် ခရီးစဉ်များကိုသာ အသားပေး ဖော်ပြခဲ့ကြသည်။

(ခေါင်းဆောင်ကြီးခမျာလည်း လူတော တိုးချင်ရှာလွန်း၍ ထိုနှစ်နိုင်ငံကိုသာ သွားလိုက် ပြန်လိုက်နှင့် လုံးချာလိုက်နေရှာသည်။ ယခုထိလည်း အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံကမျှ တရားဝင် ခရီးလာရောက်ဖို့ ဖိတ်ကြားခြင်း မခံရသေးပေ။)

သို့သော် ငြိမ်းချမ်းရေးဖိုရမ်သို့ တရုတ်ဘက်မှ တိန်ရင်ချွန်း၊ ယူနန်နှင့် ဘီဂျင်းတက္ကသိုလ်များမှ ပညာရှင်သုံးဦးလည်း တက်ရောက်လာကြသည်။

တရုတ်ဘက်က တကယ်တမ်းတွင် ရွေးကောက်ပွဲ ဆိုသည်ကော၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်အယုံအကြည်မရှိ၊ ‌၎င်းတို့အတွက်က တည်ငြိမ်မှုပုံစံ တမျိုးမျိုး ထွက်လာရန်နှင့် ဒီအတိုင်း ဆက်မသွားဖို့ သေချာစေမည့် လမ်းကြောင်းကိုသာ စိတ်ဝင်စားကြသည်။ တချို့က ဘီဂျင်းသည် ရွေးကောက်ပွဲအား မင်းအောင်လှိုင်အား ဖယ်ရှားပြီး ယုတ္တိရှိရှိ လုပ်လိုသည့် ခေါင်းဆောင်တယောက်နှင့် အစားထိုးရန် ကြံရွယ်နေသည်ဟု ‌ပြောဆိုနေကြသည်။

တရုတ်သည် ၁၀၂၇ စစ်ဆင်ရေးကြီးနောက်ပိုင်း တရုတ်နယ်စပ်တလျှောက်ရှိ နယ်မြေ အမြောက်အမြားကို တိုင်းရင်းသားအဖွဲ့များက သိမ်းယူထားခြင်း၊ ရခိုင်တွင်လည်း ၎င်းတို့၏ စီမံကိန်းဒေသများအား အာရက္ခတပ်တော်၏ ဝိုင်းထားခံနေရခြင်း ဆိုသည့် နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင် ဖြေရှင်းနေရသည်။

မင်းအောင်လှိုင်က မိန့်ခွန်းထဲတွင် တရုတ်ပြည်အား မသိမသာ ထည့် နှက်သွားသေးသည်။ “ငြိမ်းချမ်းရေး ‌‌ဆွေးနွေးရာတွင် ပြည်ပစွက်ဖက်မှု ကင်းဝေးရမည်၊ အခြားသူများ၏ ဩဇာ အလွှမ်းမခံရအောင် အထူးသတိထားရမည်” ဟု ထည့်ပြောသွားခဲ့သည်။

ပြည်တွင်းရေး ဝင်မစွက်ရ ဆိုသည်က အာဏာရှင်တို့၏ လက်သုံးစကား ဖြစ်သော်လည်း လားရှိုး ပြန်ရအောင် တရုတ်တို့ ကြားဝင်ပေးခဲ့မှုနှင့် မြောက်ပိုင်းရှိ အခြား လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အဆံ မပျက် ရှိနေမှုကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်ပေသည်။

ထိုင်းဘက်မှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ထိုင်း ကြည်းတပ် စစ်ဦးစီးချုပ်ဟောင်းတို့ တက်ရောက်ခဲ့ကြသည်။ ထိုင်းနှင့် တရုတ်သည် စစ်တပ် အာဏာသိမ်းခဲ့မှုကြောင့် အထိအခိုက် အခံရဆုံး နိုင်ငံများလည်း ဖြစ်သည်။

၎င်းတို့ တက်ရောက်လာခြင်းသည် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ ထောက်ခံခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားအတွက် ရှေ့ဆက်နိုင်မည့် လမ်းကြောင်းများကို ရှာဖွေရန် သတိကြီးစွာဖြင့် သံတမန်ရေးရာ ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ခြင်း ဖြစ်သည်။

အဓိကထား၍ စောင့်ကြည့်ရမည်က အိန္ဒိယပင် ဖြစ်သည်။ အိန္ဒိယသည် အာဏာသိမ်းပြီးနောက် ဆိုးဆိုးဝါးဝါး တလွဲဆံပင်ကောင်းပြီး ပတ်သက်လာ၍ ဖြစ်သည်။ ဖိုရမ်သို့ ဝါရင့်သံတမန်တဦးနှင့် သတင်းစာဆရာ အများအပြား ရောက်လာကြသည်။

အိန္ဒိယသည် စစ်အုပ်စု၏ ရွေးကောက်ပွဲကို လိုလိုလားလား ထောက်ခံလာဖွယ် ရှိနေသည်။ အိန္ဒိယ၏ အီလက်ထရောနစ် မဲပေးစက်ကိုလည်း သုံးလာဖို့ ရှိနေသည်။

စစ်အုပ်စုကလည်း ၎င်းတို့ သုံးပါများ၍ သနားစရာ ကောင်းနေရသည့် လက်ပါးစေများဖြစ်သော လှမောင်ရွှေ၊ ဇော်ဦး၊ အောင်နိုင်ဦး တို့အားလည်း ပွဲထုတ်လာပြန်သည်။ ၎င်းတို့၏ ဂုဏ်သိက္ခာများသည်လည်း ၂၀၁၂-၂၀၁၅ ခုနှစ်၊ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းမှာပင် ကျဆင်းသွားခဲ့ရပြီး ဖြစ်သည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီးနှင့်အတူ ရွေးကောက်ပွဲဝင်မည့် ပါတီများမှ ကိုယ်စားလှယ်များလည်း ရောက်လာကြသည်။

၂၀၁၅ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင် ဆိုသူများကလည်း ထိုကဲ့သို့သော ပွဲမျိုးကို သစ်သားရုပ်ကြီးများပမာ မပျက်မကွက် ရောက်လာကြသည်။ သို့သော် ၄ နှစ်ကြာ ပြည်တွင်းစစ်ကြီးအတွင်း ဒေသခံလူထု၏ ထောက်ခံမှုလည်း မရတော့သည့်အပြင် တရားဝင် ကိုယ်စားပြုခွင့်လည်း ဆုံးရှုံးသွားခဲ့သူများ ဖြစ်သည်။

ငြိမ်းချမ်းရေးဖိုရမ် ဆိုသည်က စစ်အုပ်စုကို ဖျော်ဖြေရန် သက်သက် မရိုးမသားစကားများ တန်ဆာဆင် လာ‌ရောက်ပြောဆိုကြသည့် လုပ်ပွဲမျိုးသာ ဖြစ်သည်။အနောက်တိုင်းသံရုံး အများစုအား ရက်သတ္တပတ်ပေါင်းများစွာ ကြိုပြီး ဖိတ်ခဲ့သော်လည်း ဝေးဝေးက ရှောင်နေခဲ့ကြသည်။ စစ်အုပ်စုသည် ခပ်ညံ့ညံ့ အကွက်များဖြင့် ထိုသို့သောပွဲမျိုးကို အမြဲလို ထ ထ လုပ်တတ်သော်လည်း အခွင့်ရေးသမားများထဲတွင်ပင် ခပ်နုံနုံ ခပ်အအ များသာ ကောင်းကျိုးတခုတလေ ပါနိုင်သည်ဟု ‌တွေးနိုင်သည့် ပွဲမျိုးလည်း ဖြစ်သည်။

မည်မျှပင် ပွဲများ ထ ထ လုပ်နေစေကာမူ ပြည်သူအများစုအပေါ် စစ်ပွဲဆင်နွှဲနေခြင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ခုတွင် မဲဆန္ဒရှင်များ တခဲနက် မဲပေး ရွေးချယ်ခဲ့သည့် ပါတီကြီးအား ဖျက်သိမ်းပစ်ခဲ့ကြ၍ ၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်ကို ပြည်တွင်းပြည်ပမှ မည်သူတဦးတယောက်မျှ ယုံကြည်ကြမည် မဟုတ်သည့် ပွဲလည်း ဖြစ်သည်။

လှစိုးဝေ

Ref: ASIA TIME / David Scott Mathieson

-Peace theater of the absurd in Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013