DVB Logo
Home
Lead Story
အပြာရောင် ဆူနာမီ လှိုင်းကြီး
လှစိုးဝေ
·
November 6, 2026
အပြာရောင် ဆူနာမီ လှိုင်းကြီး
Donate to DVB

ဒီမိုကရက်တစ်ပါတီသည် အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ပြီး အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံး၏ ထိန်းချုပ်ခွင့်ကို ရယူနိုင်ခဲ့သည်။ ဂျေးမ်းစ် တာလာရီကိုသည် တက္ကဆက်ပြည်နယ်၌ ဆီးနိတ်အမတ်နေရာကို အနိုင်ရရှိခဲ့ပြီး ယင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တစ်ပါတီဝင်တဦးက အဆိုပါနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

ကန်းဆပ်စ်ပြည်နယ်တွင်လည်း နှစ်ပေါင်း ၁၀၀ နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တစ် ဆီးနိတ်အမတ်တဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ပါတီအနေဖြင့် အခုချိန်ထိ အမတ်နေရာ ၇ နေရာကို ပြန်လည်လုယူနိုင်ခဲ့ပြီး အထက်လွှတ်တော်တွင် အနည်းဆုံး ၄ နေရာ အသာစီးရကာ အများစုနေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။ 

Gerrymandering ခေါ် မဲဆန္ဒနယ်မြေ အသာစီးရအောင် ပြန်လည်ပြင်ဆင်သတ်မှတ်သည့် နည်းလမ်းဖြင့် အောက်လွှတ်တော်အမတ်နေရာ ပိုမိုရရှိရန် ရီပတ်ဘလစ်ကန်တို့၏ ကြိုးပမ်းမှုမှာ ရလဒ် ပြောင်းပြန်ထွက်သွားခဲ့သည်။ တက္ကဆက်ပြည်နယ်တွင် ပြိုင်ဘက်များကို အသာစီးရစေရန် ပြန်လည်ရေးဆွဲထားသော မဲဆန္ဒနယ်မြေ ၅ ခုအနက် ၄ ခုတွင် ဒီမိုကရက်တို့က အနိုင်ရရှိခဲ့သည်။ လွှတ်တော်နှစ်ရပ်စလုံးတွင် အများစုနေရာ ရရှိထားခြင်းက ပါတီအား ဥပဒေပြုရေး အစီအစဉ်များကို ထိန်းချုပ်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဤရလဒ်သည် ဒီမိုကရက်များအား ဒေါ်နယ်ထရမ့်ပ်ကို စစ်‌ဆေးစုံစမ်းပိုင်ခွင့် အာဏာကိုလည်း ပေးအပ်လိုက်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့အနေဖြင့် ထရမ့်ပ်အစိုးရအဖွဲ့ဝင်များကို ကွန်ဂရက်ရှေ့မှောက် လာရောက်ထွက်ဆိုရန် ဆင့်ခေါ်စာ ထုတ်ပြန်နိုင်မည် ဖြစ်သည်။ သမ္မတ ထရမ့်ပ်က “ကျုပ် မဲစာရင်းထဲမှာ မပါခဲ့လို့၊ ပါခဲ့လို့ကတော့ တောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရမှာ” ဟု Truth Social တွင် ရေးသားခဲ့သည်။ သို့သော် ၎င်းသည် ယခင်က မဲဆန္ဒရှင်များအား သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နေသကဲ့သို့ မဲပေးကြရန် တိုက်တွန်း ပြောကြားခဲ့ဖူးသည်။

၎င်းက ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဟု New York Times ကို ပြောကြားခဲ့သည်။ ၎င်းမှာ ရီပတ်ဘလစ်ကန်များ မည်မျှအထိ အပြတ်အသတ် စံချိန်တင် ရှုံးနိမ့်ခဲ့ရသည်ကို ပြသနေသည့် လက္ခဏာတခု ဖြစ်နိုင်သည်။ သူ့သဘောနှင့်သူ ဆိုက မျက်စိမှိတ် ငြင်းပယ်ဦးမည်သာ ဖြစ်သည်။ ထိုသို့ဆိုက အမေရိကန်ပြည်သူများ အားလုံး လမ်းပေါ် ထွက်လာကြမည်ကို သိနေ၍ ဖြစ်သည်။

ဒီမိုကရက်များသည် ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာအချို့ကိုလည်း ပြန်ယူနိုင်ခဲ့ကြသည်။ တက္ကဆက်ပြည်နယ်တွင် ဂျီနာဟီနိုဟိုဆာသည် ၃ ကြိမ်ဆက်တိုက် အနိုင်ရထားသည့် အုပ်ချုပ်ရေးမှူး ဂရက်ဂ်အဘော့တ်ကို ရာထူးမှ ဖယ်ရှားနိုင်ခဲ့သည်။ သူသည် ၁၉၉၅ ခုနှစ်နောက်ပိုင်း တက္ကဆက်၏ ပထမဆုံးသော ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာမည် ဖြစ်ပြီး ထိုရာထူးကို ရရှိသည့် ပထမဆုံးသော ဟစ်စပန်းနစ်-အမေရိကန်  တဦးလည်း ဖြစ်လာမည် ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ်တွင် ကေးရှာ လန့်စ် ဘော့တွမ်စ်သည် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်၏ ပထမဆုံးသော လူမည်းအမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း ဖြစ်လာမည်ဖြစ်သည်။ အိုဟိုင်းယိုးပြည်နယ်တွင် အေမီအက်ခ်တန်က ထရမ့်ပ် ထောက်ခံပေးထားသည့် ၎င်း၏ပြိုင်ဘက် ဗီဗက် ရာမဆွာမီကို အနိုင်ရရှိခဲ့သည်။

ကိုယ်လုပ်မှ ကိုယ်စားရမည့် သူများက ကိုယ်လုပ်လည်း ကိုယ်မစားရ ဖြစ်လာ၍ အုံနှင့်ကျင်းနှင့် မဲရုံသို့ ချီတက်လာကြခြင်းသည်လည်း အဆိုပါရလဒ်များ ထွက်ပေါ်လာခြင်း၏ အကြောင်းရင်းတခု ဖြစ်သည်။

ဒေါ်နယ်ထရမ့်ပ်သည် လွန်ခဲ့သော နှစ်ပေါင်း ၈၀ အတွင်း အဆိုးဝါးဆုံး နိမ့်ကျသွားခဲ့သည့် လူထု ထောက်ခံမှုနှုန်းဖြင့် အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ခဲ့ရသည်။ ရီပတ်ဘလစ်ကန်များ ရှုံးနိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း ထိုမျှအထိ wipe out ဖြစ်သွားမည်၊ အပြတ်အသတ် ပြိုလဲသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ကြ‌။

ဒီမိုကရက်များသည် အောက်လွှတ်တော်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး အထက်လွှတ်တော်၏ ထိန်းချုပ်ခွင့်ကိုလည်း သက်သောင့်သက်သာ ရရှိသွားခဲ့ကာ ရီပတ်ဘလစ်ကန်တို့၏ ခိုင်မာသော အမာခံနယ်မြေများဖြစ်သည့် အိုင်အိုဝါ၊ အိုဟိုင်းယိုး၊ ဆောက်ကာရိုလိုင်းနား၊ တက္ကဆက်နှင့် ကန်းဆပ်စ်ပြည်နယ်တို့တွင် အနိုင်ရရှိခဲ့ကြသည်။

သမ္မတကမူ မဲစာရင်းတွင် သူကိုယ်တိုင် ပါဝင်မနေခြင်းကို အကြောင်းပြခဲ့သည်။ သို့သော် ၎င်းသည် မဲဆန္ဒရှင်များအား သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နေသကဲ့သို့ စိတ်ကူးပြီး မဲပေးကြရန် တောင်းဆိုခဲ့သဖြင့် ဤအကြောင်းပြချက်မှာ ဆန်းကြယ်နေသည်။ မဲဆန္ဒရှင်များက ထိုသို့ စိတ်ကူးပြီး မဲပေးခဲ့ကြသော်လည်း ၎င်း၏ပါတီ ရှုံးနိမ့်ခဲ့ရသည်။

ထရမ့်ပ်သည် ကုန်ဈေးနှုန်းများကို လျှော့ချပေးမည်၊ အဆုံးမရှိသော စစ်ပွဲများကို အဆုံးသတ်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်မည့်အစား အီရန်နှင့် ထိပ်တိုက်တွေ့ခဲ့သည်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့သည်၊ ထို့အပြင် အမေရိကန်ပြည်သူများ၏ ကံကြမ္မာထက် ၎င်း၏မိသားစု ကြွယ်ဝချမ်းသာရေးကို တိုးမြှင့်ရန် ပိုမိုစိတ်ဝင်စားခဲ့သူ ဖြစ်သည်။

ဒီမိုကရက်များ၏ အောင်မြင်မှုသည် ပေါ်လစီသစ်များ ထွက်ပေါ်လာမည့် ခေတ်သစ်တခုကို ချက်ချင်း လမ်းဖွင့်ပေးနိုင်မည် မဟုတ်သေးသော်လည်း ၎င်းသည် ငြင်းကွယ်၍မရသော နိုင်ငံရေး အောင်ပွဲကြီးတခု ဖြစ်သည်။ ရီပတ်ဘလစ်ကန်များအတွက်မူ ဤရလဒ်သည် ၎င်းတို့ ပြိုလဲသွားတော့မည့် ခေတ်သစ်တခု၏ အစပင် ဖြစ်သည်။

ထရမ့်ပ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်တခုလုံး ပါတီကို ၎င်း၏ဆန္ဒအတိုင်း အပြည့်အဝ ချုပ်ကိုင်ထားနိုင်ခဲ့သည်။ ယခုအခါ ပါတီ၏ နိုင်ငံရေးသမားများသည် ခက်ခဲသော ရွေးချယ်မှုတခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထရမ့်ပ်ကို ဝေဖန်ပါက ပါတီတွင်း ပဏာမရွေးကောက်ပွဲ (primary) ၌ ၎င်းတို့၏ နိုင်ငံရေးအနာဂတ်ကို အဆုံးသတ်သွားပေလိမ့်မည်။ သို့မဟုတ် ၎င်းကိုပင် ဆက်လက် ဖက်တွယ်ထားပါက ၎င်းတို့၏ နိုင်ငံရေးဘဝတခုလုံး စုံလုံးကန်း အဆုံးသတ်သွားနိုင်ပေသည်။

ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များက ပိုမိုသိသာထင်ရှားစွာ တုံ့ပြန်ခဲ့ကြသည်။ ဒေါ်လာဈေး ကျဆင်းသွားခဲ့ပြီး ဘေးကင်းရာ အရန်ငွေကြေးများဖြစ်သော (ဆွစ်ဖရန့်နှင့် ဂျပန်ယန်း) တို့ ဈေးတက်လာခဲ့သည်။ ဒီမိုကရက်တစ် လွှတ်တော်၏ စိစစ်စုံစမ်းမှုများ ရှိလာမည့်အရေးကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်ပူပန်ခဲ့ကြသဖြင့် အာရှ AI ကုမ္ပဏီများ၏ စတော့ရှယ်ယာများ ဦးဆောင်ကာ ညတွင်းချင်း ရှယ်ယာဈေးနှုန်းများ ထိုးဆင်းသွားခဲ့သည်။

အီလွန်မတ်စ်ခ်၏ ကုမ္ပဏီများဖြစ်သည့် တက်စလာနှင့် စပေ့စ်အိက်စ် တို့၏ ရှယ်ယာများ ၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ သို့သော် အမေရိကန် စတော့ရှယ်ယာ ကြိုတင်ရောင်းဝယ်ရေး equity futures နှင့် ဥရောပ စတော့ရှယ်ယာများမှာ နံနက်ပိုင်းတွင် ပြန်တက်လာခဲ့သည်။

ရုရှားအစိုးရက မစ္စတာထရမ့်ပ်၏ စံချိန်တင် ရှုံးနိမ့်မှုသည် အမေရိက၊ ရုရှားနှင့် ယူကရိန်း တို့အကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၊ ဆိုလိုသည်မှာ ၎င်း၏ “ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကြိုးပမ်းချက်များ” အပေါ် သက်ရောက်မှု မရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေး အတိုက်အခံ နိုင်ငံရေးသမားများကလည်း ရီပတ်ဘလစ်ကန်တို့၏ ရှုံးနိမ့်မှုကို မစ္စတာ ထရမ့်ပ် ထောက်ခံပေးထားသော ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် “အဆိပ်အတောက် ဖြစ်နေပြီ” ဆိုသည်ကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။

အီရန်အစိုးရကမူ အားရဝမ်းသာ လှောင်ပြောင်ခဲ့ကြသည်။ နိုင်ငံပိုင် သတင်းမီဒီယာတခုက “ထရမ့်ပ်သည် အီရန်တွင် အစိုးရအပြောင်းအလဲလုပ်ရန် ပျက်ကွက်ခဲ့သော်လည်း တက္ကဆက်တွင်မူ အောင်မြင်သွားခဲ့သည်” ဟု ဟာသလုပ် ရေးသားခဲ့‌ပေသည်။

လှစိုးဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013