DVB Logo
Home
Lead Story

နွေဦးပြည်သူတို့အတွက် သဝင်ပင် ဆေးဖက်ဝင်

DVB
·
November 25, 2026
နွေဦးပြည်သူတို့အတွက် သဝင်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သဝင်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

သဝင်ပင်ကို သိပ္ပံလို Millettia pinnata, Pongamia pinnata လို့ခေါ်ပြီး အင်္ဂလိပ်လို the Pongame oiltree လို့ ခေါ်ကြပါတယ်။

သဝင်ပင်မှာ alkaloid, resin, mucilage, karanjin, ovalitenone, kanugin, pongapin, 3-metho-oxypongapin, pongaglabrone, kanjone, pongol, gamatin, ionchocarpin, isochocarpin, glabrin, neoglabrin နဲ့ အစေ့ဆီမှာ Palmitic acid, Stearic, Oleic acid, Linoleic acid, Linolenic acid, Arachidic acid, Eicosenoic acid, Behenic acid, Lignoceric စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာကြေခြင်း၊ အူလမ်းကြောင်း ကပ်ပါးပိုးတွေကို တိုက်ဖျက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဆန့်ကျင်ခြင်း၊ ပိုးသတ်/မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ အဖျားကျစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ သဝင်ပင်ရဲ့ အသီး၊ အရွက်၊ အမြစ်အခေါက်၊ ပင်စည်အခေါက်၊ အစေ့၊ အကိုင်းငယ်များနဲ့ အစေ့ဆီတို့ကို သုံးစွဲကြပါတယ်။

သဝင်ပင်ဟာ အစာစားချင်စိတ်ကို နှိုးဆွပေးပြီး အစာခြေဖျက်မှုကို အားပေးကာ အစာစားချင်စိတ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် အစာစားလိုစိတ် နည်းပါးခြင်းနဲ့ အစာမကြေခြင်းတွေမှာ အခေါက်မှုန့် ကော်ဖီဇွန်း ၁/၄ ဇွန်းမှ ၁/၂ ဇွန်းခန့်ကို အစာစားပြီးနောက် တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အစာစားချင်စိတ်ကို တိုးတက် ကောင်းမွန်စေပါတယ်။

အစာအိမ် အနာဖြစ်ခြင်းအတွက် အရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို အစာမစားမီ နာရီဝက်ခန့် ကြိုတင်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ သန်ကောင် တုတ်ကောင် ရောဂါတွေအတွက် အရွက်သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို ပျားရည် ကော်ဖီတဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းအတွက် အခေါက်မှုန့် ကော်ဖီဇွန်း ၁/၄ ဇွန်းမှ ၁/၂ ဇွန်းခန့်ကို ပျားရည်နဲ့ ရောစပ်ပြီး တနေ့ ၂ ကြိမ် (အစာစားပြီးနောက်) သောက်သုံးပေးခြင်းဖြင့် အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ သလိပ်ခဲတွေကို အရည်ပျော်စေပြီး အဆုတ်ထဲမှ သလိပ်တွေကို ဖယ်ရှားပေးကာ ချောင်းဆိုးခြင်းကို ကောင်းစွာ သက်သာစေပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောင်ရမ်းခြင်းနဲ့ ကြက်ညှာချောင်းဆိုးရောဂါတို့အတွက် အစေ့မှုန့်ကို တခါသောက် ကော်ဖီဇွန်းဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် ချွဲပျော်ဆေး/ချွဲထုတ်ဆေးအဖြစ် လုပ်ဆောင်ပေးပြီး အသက်ရှူရ လွယ်ကူစေပါတယ်။

အခေါက်မှုန့် ကော်ဖီဇွန်း ၁/၄ ဇွန်းမှ ၁/၂ ဇွန်းခန့်ကို အစာစားပြီးနောက် တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် အရိုးအဆစ်ရောင်ရောဂါ လက္ခဏာများကို သက်သာစေပါတယ်။

အစေ့ဆီမှာ အနာကျက်ဆေးနဲ့ ပိုးသတ်နိုင်စွမ်း ပါဝင်တာကြောင့် အနာစိမ်း၊ ပြည်တည်နာနဲ့ နှင်းခူလို အရေပြားပြဿနာတွေမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အရေပြားပြဿနာတွေအတွက် ဆီ ၃ မှ ၅ စက်လောက်ကို အုန်းဆီနဲ့ ရောစပ်ပြီး ထိခိုက်နေတဲ့ နေရာမှာ တနေ့ တကြိမ်မှ ၂ ကြိမ်အထိ လိမ်းပေးပါ။ အရေပြားပြဿနာ လက္ခဏာတွေ သက်သာလာတဲ့အထိ ဒီနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးပါ။

လိပ်ခေါင်းရောဂါမှာ အဆီ ၃-၅ စက်ခန့်ကို အုန်းဆီနဲ့ ရောစပ်ကာ ဝမ်းသွားသန့်စင်ပြီးနောက် လိပ်ခေါင်းကို တနေ့ ၁- ၂ ကြိမ် လိမ်းပေးနိုင်ပါတယ်။

အမြစ်မှာ အနာကျက်စေနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် အမြစ်သွေးရည်ကို အနာများ/ အနာအခေါင်းပေါက် အနာများမှာ ပျားရည်နဲ့ ရောစပ်ပြီး ထည့်ပေး လိမ်းပေးနိုင်ပါတယ်။

အရိုး/အဆစ်အမြစ် နာကျင်ကိုက်ခဲမှုများအတွက် ဆီ ၃ စက်မှ ၄ စက်ခန့်ကို နှမ်းဆီနဲ့ရောစပ်ပြီး လိမ်းပေးခြင်း/ နှိပ်နယ်ပေးခြင်းဖြင့် အဆစ်အမြစ် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

အနာတွေ၊ ထိခိုက်ပြတ်ရှနာတွေအတွက် ဆီ ၃ စက်မှ ၅ စက်လောက်ကို အုန်းဆီနဲ့ရောစပ်ပြီး လိမ်းပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အနာတွေကို အမြန်ကျက်စေပါတယ်။

အရွက်သတ္တုရည်စိမ်းကို ပျားတုပ်ခံရခြင်း/ပိုးမွှားကိုက်ခံရခြင်းတွေမှာ လိမ်းပေးခြင်းဖြင့်  ရောင်ရမ်းခြင်းနဲ့ နာကျင်ကိုက်ခဲခြင်းကို ချက်ချင်း သက်သာစေပါတယ်။

သဝင်သီးအစေ့နဲ့ နနွင်းတက် (နနွင်းဥ) ဆတူကို ထုထောင်းပြီး အနှစ်ကို အရေပြားယားနာ နှင်းခူ၊ ဝဲနာနဲ့ အရေပြားပြဿနာတွေမှာ လိမ်းပေးနိုင်ပါတယ်။

သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်ခြင်း၊ ရေစီးကမ်းပြိုရောဂါနဲ့ သွားနဲ့ ခံတွင်း‌ရောဂါဝေဒနာတွေမှာ  အခေါက်ပြုတ်ရည် ကျကျကို ငုံဆေး/ပလုပ်ကျင်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အရွက်ကို ပြာချပြီး သွားနဲ့ သွားဖုံးတွေမှာ လိမ်းပေး/သိပ်ပေးခြင်းဖြင့် ထိရောက်စွာ သက်သာစေပါတယ်။

အခေါက်ပြုတ်ရည်ကျကျကို အနာဟောင်း/အနာဆိုးတွေမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မျက်စိအမြှေးပါးရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှု၊ မျက်လုံးအရောင် ပြောင်းလဲခြင်းနဲ့ မျက်လုံးခုခြင်း အညွန့်နုပြုတ်ရည်ကို အအေးခံပြီးနောက် မျက်စဉ်းခတ်ပေးခြင်း/ မျက်စိကို ဆေးကြောပေးခြင်းဖြင့် သက်သာစေပါတယ်။

အစေ့ဆီကို အုန်းဆီနဲ့ ရောစပ်ပြီး ဦးရေပြားကို လိမ်းပေးခြင်းဖြင့် ဆံပင်စောစီးစွာ ဖြူခြင်းကို ကာကွယ်ပေးခြင်း၊ ဦးရေပြားကို ပိုးဝင်ခြင်းမှ ကာကွယ်ပေးခြင်း၊ ဦးရေပြား ယားယံခြင်း၊ ခြောက်သွေ့ခြင်းနဲ့ ဗောက်ထခြင်းတို့ကို ကာကွယ်ပေးပါတယ်။

သဝင်ရွက်မှာ အဖျားကျစေတဲ့အာနိသင် ရှိတာကြောင့် ငှက်ဖျားနဲ့ အဖျားရောဂါ အမျိုးမျိုးမှာ အရွက်ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

သဝင်ရွက်အနည်းငယ်ကို ရေနွေးကြမ်းအဖြစ် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ အဆစ်ရောင်ရောဂါ၊ ကင်ဆာရောဂါ စတဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပါတယ်။

သဝင်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးတာက ပျို့အန်ခြင်း၊ မူးဝေခြင်းနဲ့ အစာလမ်းကြောင်းဆိုင်ရာ မအီမသာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သဝင်သီးနဲ့ ဓာတ်မတည့်သူတွေ သဝင်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ သဝင်ပင်မှာ သန္ဓေတားဆေးအာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ သဝင်ပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ သဝင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013