DVB Logo
Home
Lead Story

သမိုင်းဝင် မြန်မာဂျီနိုဆိုက် စီရင်ချက်ပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲ

DVB
·
November 24, 2026
သမိုင်းဝင် မြန်မာဂျီနိုဆိုက် စီရင်ချက်ပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲ
Donate to DVB

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ်လို့ ကမ္ဘာ့အမြင့်ဆုံး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်လိုက်ပါပြီ။ အခုထိလည်း ရိုဟင်ဂျာ တသန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတုန်းပါပဲ။

နိုဝင်ဘာ ၁၉ ရက် ကြာသပတေးနေ့က ထွက်လာတဲ့ ဒီစီရင်ချက်က သမိုင်းဝင်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သမိုင်းမှာ နိုင်ငံတနိုင်ငံကို ဂျီနိုဆိုက် ကျူးလွန်တယ်လို့ ပထမဆုံးအကြိမ် စီရင်လိုက်တာပါ။ ၂၀၁၇ ခုနှစ်တုန်းက ရက်သတ္တပတ်ပေါင်းများစွာ ကြာခဲ့တဲ့ စစ်ဆင်ရေးမှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေဟာ အနည်းဆုံး လူ ၁၀,၀၀၀ ကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် ၂,၁၀၉ ဦးအထိ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ ၇၀၀,၀၀၀ ကျော်လည်း အတင်းအဓမ္မ ထွက်ပြေးခဲ့ရပါတယ်။

ဒီသမိုင်းဝင် ဆုံးဖြတ်ချက်က ၁၉၄၈ ဂျီနိုဆိုက် သဘောတူစာချုပ်အောက်က တခြားအမှုတွေ အပေါ်မှာလည်း ကြီးကြီးမားမား သက်ရောက်လာနိုင်ကြောင်း အနောက်ဩစတြေးလျတက္ကသိုလ် ဥပဒေကျောင်းက နိုင်ငံတကာဥပဒေပါမောက္ခ မယ်လနီ အိုဘရိုင်ယန်က TIME ကို ပြောပြပါတယ်။ အဲဒီထဲမှာ တောင်အာဖရိကက အစ္စရေးကို တရားစွဲထားတဲ့ အမှုလည်း ပါပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဂါဇာမှာ အစ္စရေးတပ်ဖွဲ့တွေကြောင့် လူသောင်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် အစ္စရေးက ဂျီနိုဆိုက် ကျူးလွန်နေတယ်လို့ တောင်အာဖရိကက စွပ်စွဲထားတာပါ။

တရားမဝင်သမ္မတအတု မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီစီရင်ချက်ဟာ "မမျှတဘူး" လို့ သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ၂၀၁၇ စစ်ဆင်ရေးတုန်းက မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။

တရားသူကြီး ၁၅ ဦးမှာ ၆ ဦးက သဘောထားကွဲလွဲခဲ့တာကို ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ထောက်ပြပါတယ်။ "ဒါဟာ တညီတညွတ်တည်း ချခဲ့တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ မြန်မာဘက်က စီရင်ချက်ကို လိုက်နာမလား၊ မလိုက်နာဘူးလား ဆိုတာတော့ မပြောသွားပါဘူး။

အမှုစစ်ဆေးနေချိန် တလျှောက်လုံးမှာလည်း စစ်တပ်ကျောထောက်နောက်ခံပြု စစ်အစိုးရက ဂျီနိုဆိုက် မကျူးလွန်ခဲ့ဘူးလို့ တွင်တွင်ငြင်းဆိုထားပါတယ်။

တဖက်မှာတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီစီရင်ချက်ကို လေးစားလိုက်နာမယ်လို့ ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။ အိုဘရိုင်ယန်ဟာ ဂျီနိုဆိုက်နဲ့ နိုင်ငံတကာရာဇဝတ်ဥပဒေဆိုင်ရာ စာအုပ်တွေ အများကြီး ရေးခဲ့သူပါ။ အခုလည်း ICJ နဲ့ ဂျီနိုဆိုက် သဘောတူစာချုပ်အကြောင်း စာအုပ်တအုပ် ရေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက်တော့ ဒီစီရင်ချက်ဟာ သူတို့ခံခဲ့ရတာတွေက ဂျီနိုဆိုက်ဖြစ်ကြောင်း ကမ္ဘာ့အမြင့်ဆုံးတရားရုံးက လူသိရှင်ကြား အသိအမှတ်ပြုပေးလိုက်တာပဲလို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာအသိုက်အဝန်းကလည်း ဒီစီရင်ချက်ဟာ သူတို့ကို သီးခြားတိုင်းရင်းသားလူမျိုးစုအဖြစ် သမိုင်းဝင် အသိအမှတ်ပြုလိုက်တာလို့ ပြောကြပါတယ်။ “မြန်မာက ရိုဟင်ဂျာတွေရဲ့ တည်ရှိမှုကို ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ တရားရုံးက ရှင်းရှင်းလင်းလင်း အတည်ပြုပေးလိုက်ပြီ” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရပ်မိရပ်ဖ ဆေယက် အူလာက အေပီသတင်းဌာနကို ပြောပါတယ်။

သမိုင်းတလျှောက် ပထမဆုံး ဂျီနိုဆိုက် စီရင်ချက်

နိုင်ငံတနိုင်ငံက ဂျီနိုဆိုက် ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်တာ သမိုင်းမှာ ဒါ ပထမဆုံးပါ။ အရင်က ICJ မှာ အမှုကို အဆုံးအဖြတ်ပေးနိုင်တဲ့အဆင့်အထိ စစ်ဆေးခဲ့ဖူးတဲ့ ဂျီနိုဆိုက်အမှု ၂ မှုပဲ ရှိခဲ့ဖူးပါတယ်။ ၂ မှုလုံးက ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ယူဂိုဆလားဗီးယား ပြိုကွဲမှု နောက်ဆက်တွဲ စစ်ပွဲတွေကနေ ဖြစ်လာတာပါ။

ပထမအမှုက ဘော့စနီးယားက ဆားဘီးယားကို စွဲတဲ့အမှုဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ စီရင်ချက် ချခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တုန်းက ဆရီဘရီနီကာမြို့မှာ ဘော့စနီးယက် အမျိုးသားနဲ့ ယောက်ျားလေး ထောင်ချီ အသတ်ခံရတာဟာ ဂျီနိုဆိုက်မြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘော့စနီးယားဆာ့ဘ် တပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို ဆားဘီးယားနိုင်ငံနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့တော့ သက်သေမလုံလောက်ခဲ့ပါဘူး။ ဒါတောင်မှ ဆားဘီးယားဟာ အဲဒီတပ်ဖွဲ့တွေအပေါ် ဩဇာသုံးပြီး ဂျီနိုဆိုက်ကို မတားဆီးခဲ့ပါဘူး။ ဒါကြောင့် စာချုပ်ပါတာဝန် ချိုးဖောက်တယ်လို့ စီရင်ခဲ့ပါတယ်။

ဒုတိယအမှုက ခရိုအေးရှားက ဆားဘီးယားကို စွဲတဲ့အမှုပါ။ ၂၀၁၅ ခုနှစ် စီရင်ချက်မှာတော့ ဂျီနိုဆိုက်မြောက်တယ်လို့ တရားရုံးက မဆုံးဖြတ်ခဲ့ပါဘူး။ အဲဒီအစား ယူဂိုဆလပ်စစ်တပ်နဲ့ ဆာ့ဘ်တပ်ဖွဲ့တွေက ဆာ့ဘ်ထိန်းချုပ်နယ်မြေတွေက ခရိုအက်တွေကို လူမျိုးစုအလိုက် ရှင်းလင်းဖို့ပဲ ရည်ရွယ်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီလုပ်ရပ်ကြောင့် ၁၉၉၁ ဧပြီကနေ ၁၉၉၂ ဧပြီအတွင်း ခရာဂျီနာဒေသက ခရိုအက်နဲ့ ဆာ့ဘ်မဟုတ်သူ ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ထွက်ပြေးခဲ့ရပါတယ်။

အရင်အမှုတွေနဲ့ ယှဉ်ရင် တရားရုံးက ဂျီနိုဆိုက်ရဲ့ ဥပဒေအဓိပ္ပာယ်ကို ပြင်ဆင်တာ၊ ချဲ့ထွင်တာ မလုပ်ခဲ့ပါဘူး။ ဒါကို ရီးဒင်းတက္ကသိုလ်က နိုင်ငံတကာဥပဒေ ပါမောက္ခ မာကို မီလာနိုဗစ်က ထောက်ပြပါတယ်။ "တရားရုံး လုပ်လိုက်တာက သက်သေအထောက်အထားတွေကို ပိုပျော့ပျောင်းတဲ့ ပုံစံနဲ့ ချဉ်းကပ်လိုက်တာပါ။ အထူးသဖြင့် သက်သေပြဖို့ အရမ်းခက်တဲ့ ဂျီနိုဆိုက် ကြံရွယ်ချက်ပိုင်းမှာ ဖြစ်ပါတယ်" လို့ သူက ထုတ်ပြန် ပြောဆိုပါတယ်။

သဘောထားကွဲလွဲတဲ့ တရားသူကြီးတွေကတော့ တမျိုးမြင်ပါတယ်။ သက်သေတွေအရ လူမျိုးစုရဲ့ အစိတ်အပိုင်း အများအပြားကို ဖျက်ဆီးချင်တဲ့ ကြံရွယ်ချက်ထက် အတင်းအဓမ္မ နှင်ထုတ်တာ၊ ဒါမှမဟုတ် စုပေါင်းအပြစ်ပေးတာမျိုးပဲ ဖြစ်နိုင်တယ်လို့ သူတို့က ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံအတွက် ဘာတွေဆက်ဖြစ်လာမလဲ

တရားရုံးက စစ်တပ်ကျောထောက်နောက်ခံပြု စစ်အစိုးရကို အမိန့် ၂ ခု ချလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်အောင် စီစဉ်ပေးဖို့နဲ့ ဂျီနိုဆိုက် ကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရားစွဲ အရေးယူဖို့ပါ။ မူလအခြေအနေ ပြန်လည်ထူထောင်ပေးရေး အမိန့်တွေအတွက် ICJ ကို အစီရင်ခံဖို့ မြန်မာက အချိန်  ၂ နှစ် ရပါတယ်။ တကယ်လို့ ပြန်လည်ထူထောင်ပေးဖို့ မတတ်နိုင်ရင်တော့ ရိုဟင်ဂျာတွေကို လျော်ကြေးပေးရမှာပါ။ လျော်ကြေးပမာဏကိုတော့ နောက်ပိုင်းအဆင့်မှ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒီစီရင်ချက်က ဥပဒေအရ မဖြစ်မနေ လိုက်နာရမဲ့ အမိန့်ပါ။ ဒါပေမဲ့ မြန်မာဘက်က တကယ် အကောင်အထည်ဖော်ပါ့မလား ဆိုတာကတော့ မသေချာပါဘူး။

"အဓိက အခက်အခဲက ဒီအမိန့်တွေကို အတင်းအကျပ် လိုက်နာအောင် လုပ်ပေးမဲ့ ယန္တရား မရှိတာပါပဲ" လို့ အိုဘရိုင်ယန်က ပြောပါတယ်။ မြန်မာက မလိုက်နာရင် တရားစွဲခဲ့တဲ့ ဂမ်ဘီယာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြနိုင်ပါတယ်။ အရေးယူမလား၊ မယူဘူးလားကတော့ ကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကောင်စီမှာ ဗီတိုအာဏာရှိတဲ့ တရုတ်နိုင်ငံက မြန်မာအစိုးရနဲ့ ရင်းနှီးနေပါတယ်။

တခြားနိုင်ငံတွေကလည်း မြန်မာကို ဖိအားပေးနိုင်ပါသေးတယ်။ တိုက်ရိုက် သံတမန်ရေး ဖိအားပေးတာမျိုး၊ ဂျီနိုဆိုက်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူတာမျိုးတွေ လုပ်နိုင်ပါတယ်။ ကြာသပတေးနေ့မှာပဲ ဗြိတိန်က မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒီစီရင်ချက်ကို ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း စီရင်ချက် အကောင်အထည်ဖော်ရေးကို ထောက်ခံပေးဖို့ အာဆီယံ (ASEAN) ကို တိုက်တွန်းလိုက်ပါတယ်။ APHR ဟာ အရှေ့တောင်အာရှက လက်ရှိနဲ့ လွှတ်တော်အမတ်ဟောင်းတွေ စုဖွဲ့ထားတဲ့ လွတ်လပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ် ဥပဒေဌာန တွဲဖက်ပါမောက္ခ ချီယား ဝူလင်းကလည်း အာဆီယံမှာ တာဝန်ရှိကြောင်း ထောက်ပြပါတယ်။ အာဆီယံဟာ နိုင်ငံတကာဥပဒေကို ကတိကဝတ် ပြုထားတာပါ။ ဒီတော့ စီရင်ချက်ကို မထိခိုက်စေဘဲ လေးစားလိုက်နာတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။

ဒီစီရင်ချက်က ကျူးလွန်သူ တဦးချင်းစီကို ရာဇဝတ်ကြောင်းအရ အရေးယူဖို့ ကြိုးပမ်းနေမှုတွေကိုလည်း "အရှိန်အဟုန်အသစ်" ရစေနိုင်တယ်လို့ ချီယားက ဆိုပါတယ်။ အဲဒီထဲမှာ အာဂျင်တီးနားက စုံစမ်းစစ်ဆေးမှုနဲ့ အင်ဒိုနီးရှားက ရာဇဝတ်မှု တိုင်ကြားချက်တွေလည်း ပါပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်ကလည်း ၂၀၂၄ ခုနှစ်မှာ မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း တောင်းဆိုထားပါတယ်။ အခုစီရင်ချက်က အဲဒီစုံစမ်းစစ်ဆေးမှုအပေါ် တစထက်တစ အားကောင်းလာစေပေမဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ် ဥပဒေဌာန တွဲဖက်ပါမောက္ခနဲ့ ICJ ဥက္ကဋ္ဌရဲ့ အထူးအကြံပေးဟောင်း ဗင်းဆင့်-ဂျိုအဲလ် ပရူးက အဲဒီလို သုံးသပ်ပါတယ်။ ဒါတောင်မှ ပြန်လည်ထူထောင်ပေးရေးတွေ တကယ်ဖြစ်မြောက်ဖို့ တခြားစိန်ခေါ်မှုတွေ ကျန်နေသေးတယ်လို့ အိုဘရိုင်ယန်က ထောက်ပြပါတယ်။

အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတာ ၉ နှစ်ရှိပါပြီ။ အခုထိ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်မှာ နေနေရတုန်းပါပဲ။ အများစုက ကော့ဇ်ဘဇားစခန်းတွေမှာ ရှိပါတယ်။ ဒုက္ခသည်တချို့ကတော့ မြန်မာနိုင်ငံက ကိုယ့်နေရပ်ကို ပြန်ချင်ကြတယ်လို့ အေပီသတင်းဌာနကို ပြောကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ အိမ်တွေ၊ ရွာတွေ အများစုက လုံးဝပျက်စီးသွားပြီ ဖြစ်ပါတယ်။ "သူတို့ပြန်လာဖို့ ဘာအဆောက်အအုံမှ မကျန်တော့ဘူး" လို့ အိုဘရိုင်ယန်က ဆိုပါတယ်။ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်ညှဉ်းပန်းတာကို ခံခဲ့ရတာပါ။ ဒီတော့ ရန်လိုမုန်းတီးမှုနဲ့ ခွဲခြားဆက်ဆံတဲ့ အလေ့အထကို ရုတ်တရက် ပြောင်းလဲပစ်ဖို့ အရမ်းခက်ခဲတယ်လို့ သူက ဆက်ပြောပါတယ်။

ပြန်လည်ထူထောင်ပေးတယ်ဆိုတာ နစ်နာသူတွေကို ဒီဖြစ်ရပ်မဖြစ်ခင်က အခြေအနေအတိုင်း ပြန်ဖြစ်အောင် ကြိုးစားပေးတာလို့ အိုဘရိုင်ယန်က ရှင်းပြပါတယ်။ "ဒါပေမဲ့ သူတို့အများစုက မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်။ ဆိုးရွားတဲ့ အကြမ်းဖက်မှုနဲ့ စော်ကားမှုတွေလည်း ခံခဲ့ရတယ်။ ဒီတော့ အရင်အခြေအနေအတိုင်း အတိအကျ ပြန်ဖြစ်ဖို့က မဖြစ်နိုင်တော့ဘူး" လို့ သူက ဆိုပါတယ်။

အစ္စရေးအပေါ် စွဲထားတဲ့ ဂျီနိုဆိုက်အမှုအတွက် ဘာအဓိပ္ပာယ် ဆောင်သွားသလဲ

အခုတော့ အားလုံးရဲ့ အာရုံက တောင်အာဖရိကက အစ္စရေးကို စွဲထားတဲ့ ဂျီနိုဆိုက်အမှုဆီ ရောက်နေပါပြီ။ အဲဒီအမှုက ဒုတိယအကြိမ် စာနဲ့လျှောက်လဲချက် တင်သွင်းတဲ့အဆင့်မှာ ရှိနေပါတယ်။ အနည်းဆုံး နောက်ထပ် ၃ နှစ်လောက် ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာဘက်က ခုခံချေပတုန်းက သူတို့စစ်ဆင်ရေးတွေဟာ အရပ်သားတွေကို မဟုတ်ဘဲ စစ်သွေးကြွတွေကိုပဲ ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ တရားရုံးက မြန်မာရဲ့ ပိုမိုကျယ်ပြန့်တဲ့ "လုပ်ရပ်ပုံစံ" တခုလုံးကို ကြည့်ခဲ့ပါတယ်။ အဲဒီထဲမှာ အမုန်းစကားတွေ၊ ခွဲခြားတဲ့ ဥပဒေတွေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းစေတာတွေ၊ ပိုင်ဆိုင်မှု ဖျက်ဆီးတာနဲ့ ကျယ်ပြန့်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။

"ဂျီနိုဆိုက်ဆိုတာ သတ်ဖြတ်ရုံသက်သက်ထက် ပိုတယ်လို့ တရားရုံးက ပြတ်ပြတ်သားသား အသိအမှတ်ပြုလိုက်ပါပြီ" လို့ အိုဘရိုင်ယန်က ဆိုပါတယ်။ ယောက်ျားလေးတွေနဲ့ အမျိုးသားတွေကို ကွပ်မျက်တာ၊ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေက ဂျီနိုဆိုက်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်လို့ တရားရုံးက အတည်ပြုခဲ့ကြောင်း သူက ပြောပါတယ်။ ရွာတွေ ဖျက်ဆီးပြီးတဲ့နောက် မြေတူးစက်တွေနဲ့ ရှင်းလင်းဖယ်ရှားကာ နယ်မြေအကျယ်အဝန်းလိုက် ရှင်းထုတ်ခဲ့တာကိုလည်း တရားရုံးက ကြည့်ခဲ့ပါတယ်။ အဲဒီနောက်မှာ လုံခြုံရေးစခန်းတွေ အမြန်ဆောက်ခဲ့တာကိုပါ ထည့်သွင်းစဉ်းစားခဲ့တာပါ။

အဲဒီလုပ်ရပ်ပုံစံတွေကနေ ထွက်လာတဲ့ "တခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်" က ဂျီနိုဆိုက် ကြံရွယ်ချက်ပဲလို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ တနည်းပြောရရင် "အကြမ်းဖက်သမားတွေကို တကယ်နှိမ်နင်းချင်ရင် ဒီလိုလုပ်မှာမဟုတ်ဘူး" လို့ တရားရုံးက ရှုမြင်ခဲ့ကြောင်း အိုဘရိုင်ယန်က ရှင်းပြပါတယ်။

တောင်အာဖရိကကလည်း ဂမ်ဘီယာလိုပဲ လျှောက်လဲထားပါတယ်။ အစ္စရေးရဲ့ ကျယ်ပြန့်တဲ့ "လုပ်ရပ်ပုံစံ" ကို ဂျီနိုဆိုက် ရည်ရွယ်ချက်ရဲ့ သက်သေအဖြစ် စဉ်းစားပေးဖို့ တရားရုံးကို တောင်းဆိုထားတာပါ။

အစ္စရေးကတော့ ဂျီနိုဆိုက် စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ ၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ တိုက်ခိုက်မှုမှာ လူ ၁,၂၀၀ ကျော် သေဆုံးပြီး ဓားစာခံ ၂၅၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူတို့လုပ်တဲ့ စစ်ဆင်ရေးဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာသာ ဖြစ်တယ်လို့ ICJ မှာ လျှောက်လဲထားပါတယ်။

“အစ္စရေးကတော့ နိုင်ငံတကာဥပဒေနဲ့အညီ လိုက်နာနေတယ်ဆိုတဲ့ ပြောဆိုချက် တခုတည်းကိုပဲ အများပြည်သူဆီ အမြဲထုတ်ပြန်နေတာပါ" လို့ အိုဘရိုင်ယန်က ဆိုပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာန စာရင်းအရ ၂၀၂၃ အောက်တိုဘာ ၇ ရက်ကစပြီး ဂါဇာမှာ ပါလက်စတိုင်း ၇၄,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မြေပြင်မှာ လွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးမှု မရှိပါဘူး။ ဒီတော့ လူသားချင်းစာနာမှုအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံတကာအဖွဲ့တွေက ဒီဝန်ကြီးဌာနစာရင်းကိုပဲ အဓိက အားကိုးနေရပါတယ်။ ဒီစာရင်းမှာ အရပ်သားနဲ့ တိုက်ခိုက်ရေးသမားကို ခွဲမထားသလို TIME အနေနဲ့လည်း သီးခြား အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ ဂါးဒီးယန်းသတင်းစာက အစ္စရေးစစ်တပ်ရဲ့ အချက်အလက်တွေကို အခြေခံပြီး စုံစမ်းခဲ့ပါတယ်။ အဲဒီအရ ၂၀၂၅ မေလအထိ ဂါဇာမှာ သေဆုံးသူ ၈၃ ရာခိုင်နှုန်းဟာ အရပ်သားတွေ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေကလည်း အစ္စရေးဘက်က ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ ပါလက်စတိုင်း အကျဉ်းသားတွေအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အစ္စရေး အဆင့်မြင့်အရာရှိတွေရဲ့ ဂျီနိုဆိုက် လှုံ့ဆော်မှုတွေနဲ့ အကူအညီ ပိတ်ပင်တာတွေ ပါပါတယ်။ စစ်ရေးစင်္ကြံတွေနဲ့ ကြားခံနယ်မြေတွေ ဆောက်ဖို့ အိမ်တွေ၊ လယ်ယာမြေတွေ ဖြိုဖျက်တာတွေလည်း ပါဝင်ပါတယ်။ အခုချိန်မှာ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပါတယ်။

မြန်မာအမှုက လျှောက်လဲချက်မှာ အဓိကကျတဲ့ အချက်တခုက ကလေးငယ်တွေအပေါ် တိုက်ခိုက်မှုပါပဲ။ ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေကို သတ်ဖြတ်တာဟာ "စစ်မှန်တဲ့ သောင်းကျန်းသူနှိမ်နင်းရေး" စစ်ဆင်ရေးဆိုတဲ့ မြန်မာရဲ့ ပြောဆိုချက်နဲ့ လုံးဝမကိုက်ညီဘူးလို့ တရားရုံးက တွေ့ရှိခဲ့ပါတယ်။

မြန်မာအမှု စီရင်ချက်မှာ ICJ က "ကလေးငယ်တွေကို ပစ်မှတ်ထားတာဟာ လူမျိုးစုတခု ရှင်သန်ရပ်တည်ရေးရဲ့ 'အခြေခံအုတ်မြစ်' ကို ရိုက်ချိုးတာ" လို့ သတ်မှတ်ခဲ့ကြောင်း ပရူးက ပြောပါတယ်။ ဂါဇာအရေးမှာလည်း တချို့က ဒီလိုပဲ ရှုမြင်နေကြတယ်လို့ သူက ထောက်ပြပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာအရ ၂၀၂၃ အောက်တိုဘာကနေ ၂၀၂၅ အောက်တိုဘာအတွင်း ဂါဇာက အစ္စရေး စစ်ဆင်ရေးတွေကြောင့် အသက် ၁၈ နှစ်အောက် ပါလက်စတိုင်းကလေး ၂၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၅ နှစ်အောက် ၅,၀၀၀ ကျော် ပါပါတယ်။ အစ္စရေးလွှတ်တော်အမတ် အများအပြားဟာ ဂါဇာက မွေးကင်းစကလေးတွေနဲ့ ကလေးငယ်တွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်ပြောဆိုခဲ့တာကိုလည်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်-ဂဗီယာရဲ့ ပြောဆိုချက်ကိုလည်း တွေ့ရှိထားပါတယ်။ ဂါဇာခြံစည်းရိုးအနီးက ကလေးတွေ အပါအဝင် လူတိုင်းကို တရားဝင် စစ်ရေးပစ်မှတ်အဖြစ် မြင်ဖို့ သူက စစ်သားတွေကို အားပေးပြောဆိုခဲ့တာပါ။

ဒီတော့ တောင်အာဖရိကအနေနဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာဟာ "ဂျီနိုဆိုက် ရည်ရွယ်ချက်ကို ပြသနေတယ်" လို့ လျှောက်လဲတဲ့အခါ ကြာသပတေးနေ့က စီရင်ချက်ကို ကိုးကားနိုင်မယ်လို့ အိုဘရိုင်ယန်က ဆိုပါတယ်။

အစ္စရေးကတော့ ပါလက်စတိုင်း ကလေးငယ်တွေကို တမင်ပစ်မှတ်ထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ မြို့ပြက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တဲ့အခါ ကလေးတွေ အပါအဝင် အရပ်သားတွေ သေဆုံးတာက မရည်ရွယ်ဘဲ ဖြစ်ရတဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ ICJ မှာ လျှောက်လဲခဲ့ပါတယ်။ ၂၀၂၆ ဇွန်လက ကုလသမဂ္ဂရဲ့ တွေ့ရှိချက်မှာတော့ အစ္စရေးတပ်ဖွဲ့တွေက ကလေးတွေကို တမင်ပစ်မှတ်ထား သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတွေ့ရှိချက်ကို ဂျီနီဗာက အစ္စရေးကိုယ်စားလှယ်အဖွဲ့က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာဥပဒေမှာ အရင်စီရင်ထုံးကို မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ တရားဝင်မူဝါဒ မရှိပါဘူး။ ဒီတော့ မြန်မာအမှု စီရင်ချက်က တောင်အာဖရိကအမှုရဲ့ ရလဒ် ဒါမှမဟုတ် သုံးသပ်ပုံလမ်းကြောင်းကို မဖြစ်မနေ ဆုံးဖြတ်ပေးမှာ မဟုတ်ဘူးလို့ ပရူးက သတိပေးပါတယ်။

ဒါပေမဲ့ မစ်ဒယ်ဆက်တက္ကသိုလ်က နိုင်ငံတကာဥပဒေ ပါမောက္ခနဲ့ ဂျီနိုဆိုက် ကျွမ်းကျင်သူ ဝီလီယံ ရှားဘတ်စ်ကတော့ ဒီစီရင်ချက်ဟာ "အစ္စရေးအတွက် သတင်းစကားတွေ အပြည့်ပါနေတယ်" လို့ ဂါးဒီးယန်းသတင်းစာကို ပြောပါတယ်။

"သိသာတဲ့ ကွာခြားချက်တွေ ရှိသလို သက်သေတွေလည်း မတူနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ စီရင်ချက်ထဲက 'မြန်မာ' ဆိုတဲ့ စကားလုံးနေရာမှာ 'အစ္စရေး' လို့ ပြောင်းထည့်လိုက်ရင် တခြားစာသားတွေကို သိပ်ပြောင်းစရာတောင် လိုမှာမဟုတ်ဘူး" လို့ သူက ဆိုပါတယ်။

မီရန်ဒါ ဂျေယာရက်တနမ်

Ref: TIME 

(TIME မဂ္ဂဇင်း ဝက်ဘ်ဆိုက်တွင် စင်ကာပူခြေစိုက် သတင်းထောက် မီရန်ဒါဂျေယာရက်တနမ် ရေးသားထားသည့် “What Comes Next After Historic Myanmar Genocide Ruling” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013