DVB Logo
Home
Lead Story

ဆီးဖြူသီးပေါက်တဲ့ တန်ဆောင်မုန်းလပြည့်ည

ငြိမ်းဝေ
·
November 24, 2026
ဆီးဖြူသီးပေါက်တဲ့ တန်ဆောင်မုန်းလပြည့်ည
Donate to DVB

မြေလတ်က စလင်းမြို့ကလေးမှာ ကျနော်ငယ်စဉ်က တန်ဆောင်မုန်းလပြည့်ညဆိုရင် အိမ်တွေကို ဆီးဖြူသီးနဲ့ပေါက်တဲ့ ချစ်စရာ ယဉ်ကျေးမှု ရှိခဲ့ဖူးတယ်။ (၁၉၅၅ ခုနှစ်ဝန်းကျင်ကပါ။)

အဲဒီအချိန်က စလင်းနယ်မှာက ဆီးဖြူသီး တော်တော်ပေါပါတယ်။ ဆီးဖြူသီးနဲ့ပေါက်တာက အိမ်ခေါင်မိုးပေါ် ဆီးဖြူသီးနဲ့ ပစ်ပေါက်တာပါ။ တခါပေါက်ရင် အလုံးသုံးလေးဆယ်။ ခဏနားပြီး အခြေအနေကြည့် နောက်တကြိမ် ထပ်ပေါက်။ တခါတလေ တညလုံး နားလိုက် ပေါက်လိုက်။ ဆီးဖြူသီး ရှိသလောက် ပေါက်ကြတာပါ။

ဆီးဖြူသီးပေါက်တဲ့အလုပ်ကို လူငယ်ကာလသားတွေက လုပ်ကြတာပါ။ လူလတ်ပိုင်းထဲက ပျော်တတ်ပါးတတ်သူတွေကလည်း ဝင်ပါတတ်ပါတယ်။ တန်ဆောင်တိုင်အမီ ကာလသားတွေက ဆီးဖြူသီးတွေ ရသလောက် ကြိုပြီးစုကြပါတယ်။ ဆီးဖြူသီးအပေါက်ခံရတဲ့အိမ်က တခါတလေ ထွက်ကြည့်တာကလွဲပြီး ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်ကြပါဘူး။ သည်းခံကြရပါတယ်။ တချို့အိမ်တွေကျ ဆီးဖြူသီးပေါက်တဲ့လူငယ်တွေကို စားစရာထွက်ကျွေးပြီး အပြန်အလှန် ပျော်ကြပါးကြတာမျိုးလည်း ရှိပါတယ်။

ဆီးဖြူသီးနဲ့ပေါက်တယ်ဆိုတာက အိမ်ခေါင်မိုးပေါ်ကို ဆီးဖြူသီးတွေနဲ့ ပစ်ပေါက်တာပါ။ အပျော်သဘောပါ။ ခင်မင်တဲ့အိမ် အပျိုရှိတဲ့အိမ် ပြီးတော့ နည်းနည်းအမြင်ကပ်တဲ့အိမ် အဲသလိုအိမ်တွေကို လူငယ်ကာလသားတွေက အတေးအမှတ်ထားပြီး တန်ဆောင်မုန်းလပြည့်ည တညလုံး ဆီးဖြူသီးတွေနဲ့ လိုက်ပေါက်တဲ့ ချစ်စရာယဉ်ကျေးမှုလေးပါ။

ယဉ်ကျေးမှုလိုဖြစ်တော့ အပေါက်ခံရတဲ့အိမ်သားတွေက စိတ်ဆိုးလို့လည်း မရပါဘူး။ လက်မခံချင်ပေမဲ့ ယဉ်ကျေးမှုကိစ္စမို့ ငြိမ်ခံကြရပါတယ်။ အထူးသဖြင့် ရပ်ကွက်ထဲ စွာကျယ်စွာကျယ်နဲ့ လူတွေနဲ့ သိပ်မတည့်တဲ့အိမ်၊ ပိုက်ဆံရှိပြီး မာနကြီးတဲ့အိမ်ဆိုရင် ဆီးဖြူသီး အများဆုံး အပေါက်ခံရလေ့ ရှိပါတယ်။

စလင်းမြို့မှာ ပေါင်းပဇင်းရပ်ကွက်ဆိုတာ ရှိတယ်။ အဲဒီရပ်ကွက်မှာ သမီးသုံးယောက်မွေးထားတဲ့ မုဆိုးဖို အဘိုးကြီးတယောက်ရှိတယ်။ ပိုက်ဆံလည်း နည်းနည်းရှိတယ်။ သမီးတွေက အိမ်ထောင်မကျသေးဘူး။ အပျိုကြီးတွေချည်းပဲ။ အဖေလုပ်တဲ့သူကလည်း အင်မတန် အပြောအဆို ဆိုးတယ်။ သမီးအပျိုကြီးတွေကလည်း တော်တော် မာနကြီးတယ်။

တန်ဆောင်မုန်းလပြည့်ညကျတော့ ကာလသားတချို့က မြို့ထိပ် ကုဿိနာရုံ ဘုရားကျောင်းဝင်းထဲက တင်ပလ္လင်ခွေဘုရားရုပ်တုကြီးကို လှည်းပေါ်ဝိုင်းမကြီး တင်ကြသတဲ့။ ရုပ်တုကြီးက တော်တော်လေးတယ်။ လူ လေးငါးယောက် ဝိုင်းမတာတောင် မနည်းမရတယ်။

ကာလသားတွေက ဘုရားရုပ်တုကြီးတင်ထားတဲ့ လှည်းကို နွားနဲ့မဆွဲဘူး။ လူနဲ့ပဲ ဆွဲကြ တွန်းကြနဲ့ အသံမမြည်အောင် ပေါင်းပဇင်းရပ်ကွက်ထဲ ဆွဲလာကြသတဲ့။ ပေါင်းပဇင်းရပ်ကွက်ထဲရောက်တော့ ညနှစ်နာရီရှိပြီ။ အင်မတန်အပေါက်ဆိုးတဲ့ အပျိုကြီးတွေမွေးထားတဲ့ အဲဒီလူကြီးအိမ်ရှေ့မှာ ရုပ်တုကြီးကို ချကြတယ်။ အိမ်ရှေ့ ခြံစည်းရိုးနဲ့ကပ်ပြီး လမ်းနဲ့လည်းလွတ်အောင် ဆင်းတုတော် ရုပ်တုကြီးကို ဝိုင်းမပြီး ချကြတယ်။ ပြီးတော့ “ဤ ဘုရားရုပ်တုတော်ကို ခုနစ်ရက်ခုနစ်လီ ဆွမ်းကပ်ပြီးမှ မြို့ထိပ်ဘုရားကျောင်းဝင်းအတွင်း ပြန်ပင့်ပြီး ပြန်ထားပါ။ ကုသိုလ်ရအောင် စီစဉ်ပေးခြင်းပါ” ဆိုတဲ့စာရေးပြီး ကပ်ထားလိုက်ကြသတဲ့။ ပြီးတော့ အိမ်ကိုလည်း ဆီးဖြူသီး တော်တော်များများ ပေါက်ကြပါတယ်။ အိမ်က သွပ်မိုးအိမ်ဆိုတော့ မာနကြီးတဲ့မိသားစုခမျာ တညလုံး ကောင်းကောင်းမအိပ်ကြရဘူးပေါ့။

မနက်ကြတော့ မာနကြီးတဲ့အိမ်ရှင်တွေက တော်တော်နဲ့ မနိုးကြဘူး။ တညလုံး ခဏခဏ ဆီးဖြူသီးအပေါက်ခံရလို့ အိပ်ရာထနောက်ကျကြတာပေါ့။ ဒါပေမဲ့ ဈေးသွားဈေးပြန် ရပ်ကွက်ထဲက လူတွေက အိမ်ရှေ့မှာ စာကပ်ပြီးချထားတဲ့ လူတရပ်နီးပါး ဆင်းတုတော်ကြီး ကြည့်ပြီး အံ့ဩနေကြတာပေါ့။ ရီတဲ့သူတွေကလည်း ရီကြပေါ့။

နေတော်တော်မြင့်လို့ အိမ်ရှင်တွေနိုးလာတော့ သူတို့အိမ်ရှေ့ တင်ပလ္လင်ခွေ ဘုရားရုပ်တုကြီး လမ်းသွားလမ်းလာတွေ ပြောမှ သိကြရသတဲ့။ ဘာလုပ်ရမှန်းမသိ ဘယ်သူလာချထားမှန်းလည်း မသိ။ ရပ်ကွက်ထဲကလူတွေကလည်း ပြုံးစိစိနဲ့ ကြည့်သွားကြ။

ဟိုတုန်းကလူတွေက ဘုရားတရားကိစ္စ တော်တော်လိုက်နာကြ၊ ကြောက်ကြတာဆိုတော့ အဲဒီအပြောအဆိုဆိုးတဲ့ မိသားစုဟာ အဖေကိုယ်တိုင် ခေါင်းဆောင်ပြီး ခုနစ်ရက်ခုနစ်လီ လမ်းသွားလမ်းလာ လူမြင်ကွင်းမှာပဲ ဆွမ်းကပ်နေကြရတာပေါ့။ တရပ်ကွက်လုံးက လူတွေကလည်း  အပျိုကြီး သမီးသုံးယောက် ခြံရံပြီး နေ့တိုင်း အိမ်ရှေ့ထွက် လူမြင်ကွင်းမှာပဲ ဆွမ်းကပ်နေကြရတဲ့ မာနကြီးမိသားစုကိုကြည့်ပြီး သဘောတွေ ကျကြတာပေါ့။ ခုနစ်ရက်ပြည့်တဲ့ အခါကျမှ မာနကြီးတဲ့မိသားစုက လူတွေငှားပြီး (အပေါက်ဆိုးတော့ ဝိုင်းကူမဲ့ ကာလသားတွေကိုလည်း ခေါ်မရ၊ ခေါ်လည်းမခေါ်ရဲ) ဘုရားရုပ်တုကြီး လှည်းပေါ်တင် သူ့နေရာသူ ပြန်ပို့ကြရသတဲ့။

အဲဒီနောက်ပိုင်း တမိသားစုလုံး အရင်ကလို သိပ်ပြီး အပြောအဆို မဆိုးကြတော့ဘူးတဲ့။ မာနမကြီးကြတော့ဘူးတဲ့။ အဲဒီ တန်ဆောင်မုန်းလပြည့်ည ယဉ်ကျေးမှု ဆီးဖြူသီးပေါက်တဲ့ခေတ် ကြံကြံဖန်ဖန် ပညာပေးတဲ့ခေတ်ကို လွမ်းမိပါရဲ့ဗျာ။

ငြိမ်းဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013