
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ပြည်တွင်းစစ်တွင် ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်မဟာဗျူဟာစာတမ်းတခုတွင် အတိအလင်း ဖော်ပြထားသည်။
ထိုမှတဆင့် ဩဇာလွှမ်းမိုးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရှားပါးမြေဒြပ်စင်များကို ရယူအသုံးချရန် ရည်ရွယ်၍ ဖြစ်သည်။ သို့မှသာ သယံဇာတအရင်းအမြစ်များနှင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှုအပေါ် တရုတ်၏ ကြီးစိုးနေမှုကို တုံ့ပြန်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဝါရှင်တန်သည် ၎င်းတို့ ရေရှည်ကျင့်သုံးနေသည့် မြန်မာစစ်အုပ်စုကို အထီးကျန်စေမည့် မူဝါဒမှ သွေဖည်ကာ ပိုမိုလက်တွေ့ကျသော သံတမန်ရေးရာ ချဉ်းကပ်မှုဆီသို့ ကူးပြောင်းလာခြင်း ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ရှုမြင်ကြသည်။ ထိုမှတဆင့် အမေရိကန်ကုမ္ပဏီများ အတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်သည်ဟု နိုဝင်ဘာ ၂ ရက် ရိုက်တာသတင်းတွင် ပါရှိလာသည်။
အမေရိကန်ကုမ္ပဏီများအနေဖြင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၌ ခြေကုပ်ရရှိရေး ကူညီပေးနိုင်မည် ဟူသော ဝါရှင်တန်၏ အစီအစဉ်များကို ဤစာတမ်းတွင် ထူးထူးခြားခြား ပွင့်လင်းပြတ်သားစွာ ဖော်ပြထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ထိုမဟာဗျူဟာစာတမ်းအရ မြန်မာရှိ အမေရိကန်သံရုံးသည် “၂၀၃၀ ပြည့်နှစ် အရောက်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသဘောတူညီချက်ဆီသို့ ဦးတည်စေမည့် လမ်းစကို ဖော်ဆောင်ပေးနိုင်သော” အပစ်အခတ်ရပ်စဲရေးကို ထွက်ပေါ်လာရန် ရည်မှန်းချက် ချမှတ်ထားသည်။
ဤရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရများအကြား ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းနှင့် သက်ဆိုင်သော ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့် နယ်မြေဒေသ ပိုင်းခြားသတ်မှတ်မှုများအပေါ် ခိုင်မာသော သဘောတူညီချက်များ သို့မဟုတ် မူဝါဒ အဆိုပြုချက်များ ထွက်ပေါ်လာစေရန် ရည်ရွယ်သည့် ဘက်စုံပါဝင်သော ဖိုရမ်ဆွေးနွေးပွဲ အနည်းဆုံး ၃ ခုကို ကျင်းပနိုင်ရန် သံရုံးက စီစဉ်ဆောင်ရွက်လျက် ရှိသည်။
တဆက်တည်း မြန်မာနိုင်ငံ၏ ပေါကြွယ်ဝလှသော ရှားပါးမြေဒြပ်စင် သယံဇာတများကို ရယူအသုံးချနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်ပြီး အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းနိုင်လိမ့်မည်” ဟု ထိုစာတမ်းတွင် အတိအလင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ ကြားဝင်ပတ်သက်မှုကို တိုက်ရိုက်စိန်ခေါ်မှုတရပ်အဖြစ် ရှုမြင်နိုင်သော်လည်း သံတမန်ရေးရာ ချဉ်းကပ်ဆောင်ရွက်မှုများနှင့် လူထုထံ သတင်းစကား ပါးခြင်းများကို တိုးမြှင့်လုပ်ဆောင်ရန် ကြိုးပမ်းချက်များသည် “တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ရန် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းစဉ်နှင့် ကိုက်ညီမှုရှိသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာတမ်းတွင် အတိအလင်း ဖော်ပြထားသည်။
အမေရိကန်သံရုံးသည် ၂၀၃၀ ပြည့်နှစ် ကုန်ဆုံးချိန်အရောက်တွင် အမေရိကန်ကုမ္ပဏီများအတွက် တခုလျှင် ဒေါ်လာ ၅ သန်းထက်မနည်း တန်ဖိုးရှိသော အဓိက ကုန်သွယ်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး ၃ ခုကို ရရှိရန် ရည်မှန်းထားသည်။
ထို့ပြင် အမေရိကန်ထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို မြန်မာနိုင်ငံက တင်သွင်းနေသည့် ပမာဏကိုလည်း ယခုလက်ရှိ အဆင့်ထက် ၃ ဆအထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။
ထိုရည်မှန်းချက်များနှင့်အညီ ဝါရှင်တန်သည် စစ်အုပ်စုနှင့် သံတမန်ရေးအရ အဆင့်မြင့် ဆွေးနွေးမှုများကို စတင်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်သည် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေပြည်တော်၌ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
သို့သော်လည်း အမေရိကန်အနေဖြင့် မြန်မာအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် ရည်ရွယ်ချက် ရှိ၊ မရှိ ဆိုသည်ကိုမူ စာတမ်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ရိုက်တာသို့ ပြောကြားရာတွင် “မိမိတို့အနေနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုတဲ့ မူဝါဒကို ကျင့်သုံးနေပါတယ်” ဟု ဆိုသည်။
ထို့ပြင် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) စင်တာများကို နှိမ်နင်းရေး၊ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသော အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် အခြေအနေများ ကောင်းမွန်လာစေရေးနှင့် နိုင်ငံတည်ငြိမ်စေရန် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရပ် ဖော်ဆောင်ရေး အပါအဝင် အမေရိကန်၏ အဓိကဦးစားပေး ကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုများ ရှိလာစေရန် ဝါရှင်တန်က တိုက်တွန်းအားပေးလျက်ရှိကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသတွင်း တရုတ်၏ ဩဇာချဲ့ထွင်မှုကို တားဆီးရန်အတွက် မြန်မာ့အရေးကို ယခင်ကကဲ့သို့ စံတန်ဖိုးများဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မူဝါဒသက်သက်ထက် ၎င်းတို့၏ အကျိုးစီးပွားနှင့် သယံဇာတ လုံခြုံရေးကို ရှေ့တန်းတင်လာသည့် “လက်တွေ့ဆန်သော သံတမန်ရေးရာ (Pragmatic Diplomacy)” ဘက်ကို ပိုမိုဦးတည်လာခြင်း ဖြစ်သည်ဟု သုံးသပ်၍ ရပေသည်။
သို့သော် စစ်အုပ်စုသည် အမေရိကန်နှင့် လျှို့ဝှက်ဆွေးနွေးမှုများ လုပ်ပြီး သံတမန်ရေးအရ အသက်ရှူချောင်ဖို့ ကြိုးပမ်းနိုင်သော်လည်း အမေရိကန် တောင်းဆိုသည့် “ဖက်ဒရယ်စနစ် ဆွေးနွေးပွဲများ” နှင့် “တရုတ်ကို ကျော်ပြီး သယံဇာတပေးရမည့် ကိစ္စ” အရေးများတွင်တော့ ၎င်းတို့ အာဏာချုပ်ကိုင်ထားနိုင်ရေးနှင့် တရုတ်၏ဖိအားကြောင့် အပြည့်အဝ သဘောတူညီချက်ရရှိဖို့ ခက်ခဲနေဦးမည်သာ ဖြစ်သည်။
လှစိုးဝေ











