ဂျီနိုဆိုက် အတည်ပြုစီရင်ချက်၊ နိုင်ငံတကာဥပဒေအရ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်ဟာ သမိုင်းဝင်နေ့တနေ့ ဖြစ်သွားပါပြီ။ မြန်မာ့သမိုင်းမှာရော နိုင်ငံတကာဥပဒေ သမိုင်းမှာပါ ဖျောက်ဖျက်လို့ မရတော့ပါဘူး။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ အပြီးသတ်စီရင်ချက် ချမှတ်လိုက်ပါပြီ။ ၇ နှစ်ကြာ စစ်ဆေးခဲ့တဲ့ ဂမ်ဘီယာနဲ့ မြန်မာအမှုရဲ့ အဓိက ဆုံးဖြတ်ချက်အဆင့် ပြီးဆုံးသွားပါပြီ။
အဖြေက ရှင်းပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တရားရုံးက အတည်ပြုလိုက်တာပါ။ ဒီစီရင်ချက်ဟာ အပြီးသတ် ဖြစ်ပါတယ်။ အယူခံဝင်လို့ လုံးဝ မရပါဘူး။
ဒီစီရင်ချက် ထွက်လာတာနဲ့ မေးခွန်းတွေ အများကြီး ပေါ်လာပါတယ်။ ကုလသမဂ္ဂတပ်တွေ ဝင်တိုက်တော့မှာလား။ ICJ မှာ ကိုယ်ပိုင်ရဲ မရှိဘူး။ ဒီတော့ စက္ကူစုတ်ကြီးပဲ ဖြစ်သွားမှာလား။ ပြည်တွင်းမှာ မင်းအောင်လှိုင်တို့ပဲ အာဏာကိုင်ထားတုန်းပါ။ ဘယ်သူက ဘယ်သူ့ကို အပြစ်ပေးမှာလဲ။ နောင်တက်လာမဲ့ အစိုးရတွေကရော ဒီအကြွေးကို ဆပ်နေရဦးမှာလား။
အမိန့် ၁၃ ခုထဲက အဓိက အနှစ်ချုပ်
နှစ်ဖက် အထူးတရားသူကြီး (ad hoc) ၂ ဦး အပါအဝင် စီရင်ချက်ချမှတ်ရာမှာ ပါဝင်တဲ့ ICJ တရားသူကြီး ၁၅ ဦးဟာ အမိန့် ၁၃ ခုကို တခုချင်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၃ ခုလုံးကို အသေးစိတ်ဖတ်နေရင် ရှုပ်သွားနိုင်ပါတယ်။ နိုင်ငံတကာဥပဒေအရ အတိုချုပ်တွေကိုပဲ ကြည့်ကြရအောင်ပါ။
ပထမဆုံးက အဓိက စွဲချက်ပါ။ မြန်မာနိုင်ငံဟာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ပါတယ်။ ကျူးလွန်မှုကို တားဆီးဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။ ဒီနှစ်ချက်လုံးကို တရားသူကြီး ၉ ဦးက ထောက်ခံပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။ နောက်နောင် ဒီလိုထပ်မဖြစ်အောင် အာမခံချက်ပေးဖို့ အမိန့်ကိုလည်း ၉ မဲ - ၆ မဲနဲ့ပဲ ချမှတ်လိုက်ပါတယ်။
ဒုတိယအချက်က ဥပဒေနဲ့ အရေးယူမှု အပိုင်းပါ။ ဂျီနိုဆိုက် စာချုပ်ကို လိုက်နာဖို့ ပြည်တွင်းဥပဒေတွေ ပြဋ္ဌာန်းရပါမယ်။ မြန်မာက အဲဒါကို ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ တရားရုံးက အမိန့်ပေးပါတယ်။ ဒီအချက်တွေမှာတော့ တရားသူကြီး ၁၄ ဦးအထိ ထောက်ခံခဲ့ကြပါတယ်။ ကန့်ကွက်မဲ ၁ မဲပဲ ရှိပါတယ်။
တတိယအချက်က အပြစ်ပေးရေးနဲ့ သက်သေထိန်းသိမ်းရေးပါ။ ကျူးလွန်မှုတွေကို အပြစ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ၁၁ မဲ - ၄ မဲနဲ့ ဆုံးဖြတ်ပါတယ်။ ၂၀၂၀ ခုနှစ်က ICJ ချမှတ်ခဲ့တဲ့ ယာယီအမိန့်ကိုလည်း မြန်မာက ချိုးဖောက်ခဲ့ပါတယ်။ သက်သေအထောက်အထားတွေကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့တာပါ။ အဲဒီအချက်ကိုလည်း ၁၁ မဲ - ၄ မဲနဲ့ အတည်ပြုပါတယ်။
ပြီးတော့ တိကျတဲ့ အမိန့်တခု ထပ်ချပါတယ်။ ၂၀၁၇ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးနဲ့ ဆက်စပ်တဲ့ သံသယရှိသူအားလုံးကို ချက်ချင်း စုံစမ်းစစ်ဆေးရမယ်တဲ့။ လိုအပ်ရင် တရားစွဲပြီး အပြစ်ပေးရမယ်တဲ့။ ဒီအမိန့်ကို တရားသူကြီး ၁၃ ဦးက ထောက်ခံပြီး ၂ ဦးပဲ ကန့်ကွက်ခဲ့ပါတယ်။
စတုတ္ထအချက်က ပြန်လည်ကုစားမှုနဲ့ လျော်ကြေးပါ။ ရိုဟင်ဂျာတွေ ဘေးကင်းဂုဏ်သိက္ခာရှိရှိ မူလနေရပ် ပြန်နိုင်အောင် လုပ်ပေးရပါမယ်။ မူလအခြေအနေ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရပါမယ်။ လျော်ကြေးပမာဏနဲ့ ပေးရမဲ့ နည်းလမ်းကိုတော့ တရားရုံးက နောက်ပိုင်း ဆက်ဆုံးဖြတ်ပါမယ်။
အချိန်ကန့်သတ်ချက်လည်း ပေးထားပါတယ်။ စီရင်ချက်ချတဲ့နေ့ကစပြီး ၂ နှစ်အတွင်း တရားရုံးကို အစီရင်ခံစာ တင်ရပါမယ်။ ဒီပြန်လည်ကုစားရေးနဲ့ လျော်ကြေးအမိန့်တွေကို ၁၀ မဲ - ၅ မဲနဲ့ ဆုံးဖြတ်ခဲ့ကြတာပါ။
တဖက်မှာလည်း တရားရုံးက ဂမ်ဘီယာ တောင်းဆိုသမျှ အကုန်လက်ခံလိုက်တာ မဟုတ်ပါဘူး။ ပုဂ္ဂလိက လူပုဂ္ဂိုလ်တွေကတဆင့် လူသိရှင်ကြား လှုံ့ဆော်မှုမှာ နိုင်ငံတော်က စာချုပ်ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်ကို ပယ်ချပါတယ်။ ၁၄ မဲ - ၁ မဲနဲ့ ဆုံးဖြတ်တာပါ။ ဂမ်ဘီယာရဲ့ တခြားတောင်းဆိုချက်တွေကိုလည်း တညီတညွတ်တည်း ပယ်ချပါတယ်။ ဒါဟာ တရားရုံးက အချက်အလက်တိုင်းကို သေချာချိန်ထိုး စစ်ဆေးခဲ့တယ်ဆိုတာ ပြနေပါတယ်။
နိုင်ငံတကာဥပဒေ သမိုင်းရဲ့ အလှည့်အပြောင်း
ဒီစီရင်ချက်ဟာ နိုင်ငံတကာဥပဒေ လောကမှာ တကယ့် အလှည့်အပြောင်းကြီးပါ။ ICJ သမိုင်းတလျှောက်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်နေလို့ပါ။ နိုင်ငံတနိုင်ငံကို ဂျီနိုဆိုက် တိုက်ရိုက်ကျူးလွန်တယ်လို့ ICJ က တခါမှ မဆုံးဖြတ်ဖူးသေးပါဘူး။
ဂျီနိုဆိုက်ဆိုတာ သက်သေပြရတာ အရမ်းခက်ပါတယ်။ စစ်ရာဇဝတ်မှုထက် အများကြီး ပိုခက်ပါတယ်။ လူတွေ အများကြီး သေရုံနဲ့ ဂျီနိုဆိုက် မမြောက်ပါဘူး။ လူမျိုးစုတခုလုံး ဒါမှမဟုတ် တစိတ်တပိုင်းကို အမြစ်ပြတ် ဖျက်ဆီးချင်တဲ့ "ရည်ရွယ်ချက်" ရှိရပါမယ်။ အဲဒီရည်ရွယ်ချက်ကို သက်သေပြနိုင်မှ တရားရုံးက လက်ခံတာပါ။
၂၀၀၇ ခုနှစ်က ဘော့စနီးယားနဲ့ ဆားဘီးယား အမှုကို ကြည့်ပါ။ အဲဒီတုန်းကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒါတောင် ICJ က ဆားဘီးယားနိုင်ငံကို ဂျီနိုဆိုက် "တိုက်ရိုက်ကျူးလွန်တယ်" လို့ မဆုံးဖြတ်ခဲ့ပါဘူး။ "တားဆီးဖို့ ပျက်ကွက်တယ်" လို့ပဲ ဆုံးဖြတ်ခဲ့တာပါ။
မြန်မာအမှုမှာတော့ တရားရုံးက တဆင့်တက်သွားပါပြီ။ အရပ်သား ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရတယ်။ ခန့်မှန်းခြေ ၁၀,၀၀၀ ဝန်းကျင် ရှိမယ်လို့ တရားရုံးက တွက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်တယ်။ ကလေးတွေကို တိုက်ခိုက်တယ်။ ထွက်ပြေးသူတွေကို လိုက်ပစ်တယ်။ ရွာတွေကို မီးရှို့တယ်။ ဒီလုပ်ရပ်အားလုံးကို ခြုံကြည့်လိုက်တယ်။ ဒါဟာ ဂျီနိုဆိုက် ရည်ရွယ်ချက် ရှိကိုရှိနေတယ်လို့ တရားသူကြီး ၉ ဦးက အတည်ပြုလိုက်တာပါ။
တဖက်မှာလည်း ၉ မဲ - ၆ မဲ ဆိုတာ တော်တော်ကွဲလွဲတဲ့ ရလဒ်ပါ။ ကန့်ကွက်မဲပေးတဲ့ တရားသူကြီး ၆ ဦးက ရက်စက်မှုတွေ မဖြစ်ခဲ့ဘူးလို့ ငြင်းတာ မဟုတ်ပါဘူး။ အဲဒီ ၆ ဦးထဲက ၄ ဦးဟာ ၂၀၁၇ သံသယရှိသူတွေကို စုံစမ်းအရေးယူဖို့ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ သူတို့ အငြင်းပွားတာက ဂျီနိုဆိုက် ရည်ရွယ်ချက်ကို တိုင်းတာတဲ့ ဥပဒေစံနှုန်း အပိုင်းပါ။
၁၉၄၈ ဂျီနိုဆိုက်စာချုပ် ပြဋ္ဌာန်းပြီးနောက်ပိုင်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တရားရုံးတွေက ဂျီနိုဆိုက် အတည်ပြုခဲ့တာ လက်ချိုးရေလို့ ရပါတယ်။ ရဝမ်ဒါ၊ ဘော့စနီးယားနဲ့ ကမ္ဘောဒီးယား (ခမာနီ) အမှုတွေပဲ ရှိခဲ့တာပါ။ အခု မြန်မာအမှုက စတုတ္ထမြောက် ဖြစ်လာပါပြီ။ ICJ အတွက်ကတော့ နိုင်ငံတနိုင်ငံကို တိုက်ရိုက်အပြစ်တင်တဲ့ ပထမဆုံးအမှု ဖြစ်သွားပါပြီ။
နိုင်ငံကို စွဲတဲ့အမှုမှာ လူပုဂ္ဂိုလ်အရေးယူရေး ပါလာခြင်း
ဒီနေရာမှာ ရောထွေးတတ်ပါတယ်။ ICJ ဆိုတာ နိုင်ငံအချင်းချင်း စွဲတဲ့ရုံးပါ။ လူပုဂ္ဂိုလ်တဦးချင်းကို ဖမ်းဝရမ်းထုတ်ပြီး ထောင်ချနိုင်တာက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ပါ။ ဒါဆို ICJ က ၂၀၁၇ စစ်ဆင်ရေးက သံသယရှိသူတွေကို စုံစမ်းအပြစ်ပေးခိုင်းနေတာ ဘယ်လိုသဘောလဲ။
ရှင်းရှင်းလေးပါ။ ICJ က ဗိုလ်ချုပ်ဘယ်သူ့ကို ထောင်ဘယ်နှနှစ်ချတယ်လို့ အမိန့်မချပါဘူး။ ချခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ဂျီနိုဆိုက် စာချုပ်ကို လက်မှတ်ထိုးထားပါတယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပါဝင်ထားတာပါ။ အဲဒီစာချုပ်မှာ "ကိုယ့်နိုင်ငံထဲမှာ ဂျီနိုဆိုက် ကျူးလွန်သူတွေရှိရင် နိုင်ငံတော်က အရေးယူ အပြစ်ပေးရမယ်။ အုပ်ချုပ်သူဖြစ်ဖြစ်၊ အရာရှိဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ် အပြစ်ပေးရမယ်" လို့ အတိအလင်း ရေးထားပါတယ်။
ဒါကြောင့် ICJ က "မြန်မာနိုင်ငံတော်" ကို ၁၃ မဲ - ၂ မဲနဲ့ အမိန့်ပေးလိုက်တာပါ။ သင် လက်မှတ်ထိုးထားတဲ့ စာချုပ်အတိုင်း လုပ်ပါ။ ကျူးလွန်သူတွေကို ချက်ချင်း စုံစမ်းအပြစ်ပေးပါ။ ဒီလို တာဝန်ချလိုက်တာပါ။
ဒါပေမဲ့ ပြည်တွင်းက လက်တွေ့အခြေအနေကို ကြည့်ပါ။ မြန်မာနိုင်ငံမှာ အာဏာအရပ်ရပ်ကို မင်းအောင်လှိုင်တို့ပဲ ချုပ်ကိုင်ထားတုန်းပါ။ ၂၀၁၇ စစ်ဆင်ရေးတုန်းက တပ်ချုပ်ဖြစ်ခဲ့တာလည်း သူပါ။ အခု သမ္မတဖြစ်လာပေမဲ့ တိုင်းပြည်အာဏာကို သူတို့ပဲ ဆက်ကိုင်ထားတာပါ။
ကျူးလွန်မှုမှာ အဓိကတာဝန်ရှိတယ်လို့ စွပ်စွဲခံထားရသူတွေကိုယ်တိုင် အာဏာကိုင်ထားချိန်ပါ။ သူတို့ကိုယ်သူတို့ ပြန်စုံစမ်းပြီး ထောင်ချမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လုံးဝ ဖြစ်မလာနိုင်သေးတဲ့ ကိစ္စပါ။
ဒီအခြေအနေမှာ နိုင်ငံတကာဥပဒေအရ နှစ်ခု ဆက်ဖြစ်လာပါမယ်။
ပထမတခုက နိုင်ငံတော်ရဲ့ ချိုးဖောက်မှု ဆက်ရှိနေမှာပါ။ မြန်မာနိုင်ငံဟာ ICJ အမိန့်ကို မလိုက်နာတဲ့ နိုင်ငံအဖြစ် တရားဝင် ဆက်ရှိနေပါမယ်။ ၂ နှစ်ပြည့်လို့ အစီရင်ခံစာ တင်ရမဲ့အချိန် ဘာမှ လုပ်မပြနိုင်ရင် ဖိအားတွေ ပိုတိုးလာဖို့ပဲ ရှိပါတယ်။
ဒုတိယတခုက တခြား နိုင်ငံတကာတရားရုံးတွေ ပိုအားကောင်းသွားမှာပါ။ ICC မှာ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတာ ရှိပြီးသားပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ၂၀၂၄ ကတည်းက လျှောက်ထားတာပါ။ တရားသူကြီးတွေဘက်ကတော့ အတည်မပြုရသေးပါဘူး။ အခု ICJ စီရင်ချက်က ICC အတွက် အရမ်းခိုင်မာတဲ့ အထောက်အထားကြီး ဖြစ်သွားပါပြီ။
အာဂျင်တီးနား တရားရုံးကတော့ ဖမ်းဝရမ်း ထုတ်ပြီးပါပြီ။ ၂၀၂၅ ဖေဖော်ဝါရီလကတည်းက မင်းအောင်လှိုင် အပါအဝင် ၂၅ ဦးကို ထုတ်ထားတာပါ။ အဲဒီအမှုတွေအတွက် ICJ စီရင်ချက်က ကျည်ဆန်အသစ်တွေ ထပ်ဖြည့်ပေးလိုက်သလိုပါပဲ။ ပြည်တွင်းမှာ အာဏာရှိနေသရွေ့ မဖမ်းနိုင်သေးပါဘူး။ ဒါပေမဲ့ ပြည်ပထွက်ဖို့နဲ့ ကမ္ဘာနဲ့ ဆက်ဆံဖို့ကတော့ ပိုကျဉ်းမြောင်းသွားပါတော့မယ်။
ICJ မှာ ရဲမရှိပေမဲ့ စက္ကူစုတ် မဖြစ်တဲ့ အကြောင်းရင်း
ပွင့်ပွင့်လင်းလင်း ပြောကြရရင် ICJ မှာ ကိုယ်ပိုင်ရဲ မရှိပါဘူး။ ကိုယ်ပိုင်စစ်တပ်လည်း မရှိပါဘူး။ တရားရုံးအမိန့်က အပြီးသတ်ပါ။ ဒါပေမဲ့ မလိုက်နာရင် ICJ ကိုယ်တိုင် လာဖမ်းလို့ မရပါဘူး။
ဥပဒေအရတော့ လမ်းကြောင်းတခု ရှိပါတယ်။ မြန်မာက မလိုက်နာရင် ဂမ်ဘီယာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုင်လို့ရပါတယ်။ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုတွေ ချလို့ ရပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်းပါပဲ။ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာ ကိုင်ထားပါတယ်။ သူတို့ ကန့်ကွက်လိုက်ရင် ပြီးပါပြီ။ လုံခြုံရေးကောင်စီကနေ ပြင်းပြင်းထန်ထန် လုပ်လို့ရမှာ မဟုတ်ပါဘူး။
ဒါဆို ဒီစီရင်ချက်က စက္ကူစုတ်ကြီး ဖြစ်သွားပြီလား။ နိုင်ငံတကာဥပဒေအရ လုံးဝ မဟုတ်ပါဘူး။
လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့ ပိတ်လို့ ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့တခြားနိုင်ငံအားလုံးအပေါ် သက်ရောက်သွားမဲ့ ဥပဒေစည်းကမ်းကိုတော့ ဗီတိုနဲ့ ပိတ်လို့ မရပါဘူး။
နိုင်ငံတကာဥပဒေမှာ ဂျီနိုဆိုက်တားမြစ်ချက်ဟာ အမြင့်ဆုံး စည်းကမ်းပါ။ နိုင်ငံတနိုင်ငံ ဂျီနိုဆိုက် ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ချိန်ကစပြီး ဘေးက တခြားနိုင်ငံအားလုံးမှာ တာဝန် ၃ ခု အလိုအလျောက် ပေါ်လာပါတယ်။
ပထမတာဝန်က အသိအမှတ်မပြုရေးပါ။ ဒီကျူးလွန်မှုကြောင့် ဖြစ်လာတဲ့ တရားမဝင် အခြေအနေကို အသိအမှတ် မပြုရပါဘူး။ ဒုတိယတာဝန်က အကူအညီ မပေးရေးပါ။ ကျူးလွန်မှု ဆက်ဖြစ်နေအောင် ဘယ်လိုထောက်ပံ့မှုမှ မပေးရပါဘူး။ တတိယတာဝန်က ပူးပေါင်းဆောင်ရွက်ရေးပါ။ ချိုးဖောက်မှု ရပ်သွားအောင် တရားဝင်နည်းလမ်းတွေနဲ့ ဝိုင်းလုပ်ကြရပါမယ်။
လက်တွေ့မှာ ဒါက ဘာကို ဆိုလိုသလဲ။ အရင်ဆုံး ထိမှာက လက်နက်နဲ့ လေယာဉ်ဆီ ရောင်းချမှုပါ။ မြန်မာအာဏာပိုင်တွေကို လက်နက်နဲ့ လေယာဉ်ဆီ ဆက်ရောင်းနေတဲ့ နိုင်ငံတွေ ရှိပါတယ်။ သူတို့ဟာ ချိုးဖောက်မှု ဆက်ရှိနေအောင် အကူအညီပေးမှု၊ ဒါမှမဟုတ် "ဂျီနိုဆိုက်မှာ ကြံရာပါဖြစ်မှု" နဲ့ နိုင်ငံတကာဥပဒေအရ စွပ်စွဲခံရနိုင်ခြေ ရှိလာပါပြီ။ လက်နက်ပိတ်ဆို့ရေး ဖိအားတွေအတွက် သိပ်ကိုခိုင်မာတဲ့ ဥပဒေအခြေခံ ဖြစ်သွားပါပြီ။
နောက်တခုက စီးပွားရေး ပိတ်ဆို့မှုတွေပါ။ ဒီအမှုမှာ ဂမ်ဘီယာဘက်က ဝင်ရပ်ပေးခဲ့တဲ့ နိုင်ငံ ၁၁ နိုင်ငံ ရှိပါတယ်။ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ နယ်သာလန်တို့ ပါဝင်ပါတယ်။ သူတို့အပြင် ဥရောပသမဂ္ဂ (EU) နဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) လည်း ရှိပါတယ်။ ပိတ်ဆို့မှုတွေ ပိုတင်းကျပ်ဖို့ သူတို့လက်ထဲ ခိုင်မာတဲ့ ဥပဒေအကြောင်းပြချက် ရောက်သွားပါပြီ။
ဘဏ္ဍာရေးအပိုင်းလည်း ထိပါမယ်။ ကမ္ဘာ့ဘဏ် (World Bank)၊ IMF၊ ADB တို့လို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းကြီးတွေက ချေးငွေနဲ့ အကူအညီတွေ ပြန်ရဖို့ အရမ်းခက်သွားပါမယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေလည်း ဝေးဝေးရှောင်ကြပါမယ်။ ဂျီနိုဆိုက်နဲ့ အပြစ်တင်ခံထားရတဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ရင် သူတို့နိုင်ငံက တရားရုံးတွေမှာပါ ပြန်တရားစွဲခံရနိုင်လို့ပါ။
ဒါပေမဲ့ တကမ္ဘာလုံး ချက်ချင်းဝိုင်းပယ်မယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ တရုတ်၊ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတချို့က သူတို့အကျိုးစီးပွားအရ ဆက်ဆံနေဦးမှာပါ။ အမေရိကန်ကလည်း နိုင်ငံတကာတရားရုံးတွေအပေါ် သဘောထား တင်းမာနေတဲ့ အချိန်ပါ။ ဒါကြောင့် စစ်အုပ်စု ချက်ချင်းပြိုလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ သံတမန်ရေး လမ်းကြောင်းတွေကနေ ရေရှည် ဖယ်ကြဉ်ထားနိုင်တဲ့ အားကောင်းတဲ့ ဥပဒေလက်နက်ကြီး ဖြစ်သွားပါပြီ။
ဒီအကြွေးက ဘယ်အချိန်အထိ ရှိနေမှာလဲ
ဒါက မြန်မာနိုင်ငံသားတိုင်း သိထားသင့်တဲ့ အချက်ပါ။ နောင်တချိန် မင်းအောင်လှိုင်တို့ မရှိတော့ဘူး ဆိုပါစို့။ ဒီမိုကရေစီ အစိုးရသစ် တက်လာပြီ ဆိုပါစို့။ ဒီ ICJ စီရင်ချက်ကြီး ပျက်သွားမှာလား။
နိုင်ငံတကာဥပဒေအရ မပျက်ပါဘူး။
နိုင်ငံတကာဥပဒေမှာ "အစိုးရ" နဲ့ "နိုင်ငံတော်" ကို ခွဲထားပါတယ်။ ကုမ္ပဏီတခုလို မြင်ကြည့်ပါ။ အရင်သူဌေး လက်ထက်မှာ ကုမ္ပဏီက အမှုရှုံးသွားတယ်။ လျော်ကြေးပေးဖို့ ဖြစ်သွားတယ်။ နောက်တနေ့မှာ သူဌေးအသစ် ပြောင်းလိုက်တယ်။ အဲဒီလို ပြောင်းလိုက်ရုံနဲ့ ကုမ္ပဏီပေါ် တင်နေတဲ့ အကြွေး ပျောက်မသွားပါဘူး။ ကုမ္ပဏီ ဆက်ရှိနေသရွေ့ သူဌေးအသစ်ကပဲ ဆက်ရှင်းရမှာပါ။
မြန်မာနိုင်ငံလည်း ဒီအတိုင်းပါပဲ။ ICJ က ဆုံးဖြတ်လိုက်တာ "မြန်မာနိုင်ငံတော်" ကိုပါ။ နောင်မှာ ဘယ်အစိုးရပဲတက်တက်၊ ဖွဲ့စည်းပုံ ဘယ်လိုပဲပြောင်းပြောင်း ဒီဥပဒေအကြွေးကြီးက ဆက်ပါနေမှာပါ။
နောက်တချက်က အချိန်ကန့်သတ်ချက် မရှိပါဘူး။ နှစ် ၂၀ ကြာသွားလို့ အမှုပျက်သွားပြီဆိုတာမျိုး ICJ မှာ မရှိပါဘူး။ အကောင်အထည် မဖော်မချင်း နှစ် ၃၀ ကြာကြာ၊ ၅၀ ကြာကြာ ဒီအကြွေးက ရှိနေဦးမှာပါ။
တကယ့်သာဓက ရှိပါတယ်။ ၁၉၄၉ ခုနှစ်က ယူကေနဲ့ အယ်လ်ဘေးနီးယား အမှုပါ။ ICJ က အယ်လ်ဘေးနီးယားကို လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယားက မပေးဘဲ ခေါင်းမာပြီး နေခဲ့တယ်။ ဒါပေမဲ့ အကြွေးက မပျောက်သွားပါဘူး။ ၄၃ နှစ်အကြာ ၁၉၉၂ ခုနှစ်ရောက်မှ အစိုးရစနစ် ပြောင်းသွားတယ်။ အဲဒီတော့မှ တက်လာတဲ့ အစိုးရသစ်က ယူကေနဲ့ ပြန်ညှိရတယ်။ ၁၉၉၆ ခုနှစ်ကျမှ လျော်ကြေး အပြီးသတ် ပေးချေနိုင်ခဲ့တာပါ။
ကွန်ဂိုနဲ့ ယူဂန်ဒါ အမှုလည်း ဒီလိုပါပဲ။ ၂၀၀၅ ခုနှစ်က ICJ စီရင်ချက် ချခဲ့ပါတယ်။ ၁၇ နှစ်အကြာ ၂၀၂၂ ခုနှစ်ကျမှ ဒေါ်လာ ၃၂၅ သန်း လျော်ကြေးပေးဖို့ တရားရုံးက ထပ်သတ်မှတ်ပါတယ်။ ၅ နှစ် အရစ်ကျ ဆပ်ဖို့ အမိန့်ချခဲ့ရပါတယ်။
အကောင်အထည်ဖော်ပြီးရင်ရော ပြီးသွားပြီလား
နောင်တက်လာမဲ့ အစိုးရတရပ်က ICJ ခိုင်းထားတာတွေ အားလုံး လုပ်ပေးလိုက်ပြီ ဆိုပါစို့။ ဂျီနိုဆိုက် တားဆီးရေး ပြည်တွင်းဥပဒေတွေ ပြဋ္ဌာန်းမယ်။ ရိုဟင်ဂျာတွေ မူလအခြေအနေ ပြန်ရောက်အောင် လုပ်ပေးမယ်။ လျော်ကြေးပေးမယ်။ ကျူးလွန်သူတွေကို အရေးယူမယ်။
ဒါပေမဲ့ မြေပြင်လက်တွေ့က ထင်သလောက် မလွယ်ပါဘူး။ အခုဆို ရခိုင်မြောက်ပိုင်း အပါအဝင် ရခိုင်ဒေသအများစုကို စစ်တပ်က မထိန်းချုပ်နိုင်တော့ပါဘူး။ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတာပါ။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဟာ စစ်တပ်တခုတည်းနဲ့ ပြီးမှာ မဟုတ်ပါဘူး။ ရခိုင်မြေပြင်အာဏာ ရှိသူတွေနဲ့ပါ ညှိနှိုင်းရမယ့် ရှုပ်ထွေးတဲ့ ကိစ္စပါ။
တကယ်လို့ အားလုံး လုပ်ပေးနိုင်သွားပြီ ဆိုပါစို့။ ဒီကိစ္စ ပြတ်သွားပြီလား။ နိုင်ငံတကာဥပဒေအရ နှစ်ပိုင်း ခွဲကြည့်ရပါမယ်။ ပြီးသွားမဲ့အပိုင်းနဲ့ အမြဲကျန်နေမဲ့ အပိုင်းပါ။
အရင်ဆုံး ပြီးသွားမဲ့အပိုင်းကို ပြောပါမယ်။ တရားရုံးအမိန့်တွေ အားလုံး အပြည့်အဝ လုပ်ပြီးသွားပြီ ဆိုပါစို့။ အဲဒါဆို မြန်မာနိုင်ငံပေါ် တင်နေတဲ့ "ဥပဒေအကြွေး" ကျေသွားပါပြီ။ အဲဒီအခါ ဒီအမှုကြောင့် ဖြစ်လာတဲ့ ဥပဒေတားဆီးမှုတွေ ပြေလျော့သွားပါမယ်။ ကမ္ဘာနဲ့ ပုံမှန်ဆက်ဆံရေး၊ ချေးငွေနဲ့ ကုန်သွယ်ရေး တံခါးတွေ ပြန်ပွင့်ဖို့ လမ်းစပေါ်လာပါမယ်။ တဖက်သတ် နိုင်ငံရေး ပိတ်ဆို့မှုတွေကတော့ ပြည်တွင်း ဒီမိုကရေစီ အခြေအနေပေါ် ဆက်မူတည်နေဦးမှာပါ။
ဒါပေမဲ့ ဘယ်တော့မှ ပျောက်မသွားဘဲ အမြဲကျန်နေမယ့် အချက် နှစ်ခုတော့ ရှိပါတယ်။
ပထမတခုက တရားရုံးရဲ့ မှတ်တမ်းပါ။ ICJ စီရင်ချက်ကို နောင်မှာ ဖျက်ပစ်လို့ မရပါဘူး။ "မြန်မာနိုင်ငံဟာ တချိန်က ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ဖူးတယ်" ဆိုတဲ့ မှတ်တမ်းကြီးက နိုင်ငံတကာဥပဒေ သမိုင်းစာအုပ်ထဲမှာ အမြဲ ကျန်နေတော့မှာပါ။
ဒုတိယတခုက ကျူးလွန်သူ လူပုဂ္ဂိုလ်တွေရဲ့ အပြစ်ပါ။ ဂျီနိုဆိုက် ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တဦးချင်းရဲ့ ရာဇဝတ်မှုဟာ ဘယ်တော့မှ သက်တမ်းမကုန်ပါဘူး။ သူတို့ အသက်ရှင်နေသရွေ့ အပြစ်ရှိနေမှာပါ။ နိုင်ငံတော်က လျော်ကြေးတွေ ဘယ်လောက်ပဲ ဆပ်ပြီးသွားပါစေ၊ ကျူးလွန်သူတွေ အသက်ရှင်နေသေးသရွေ့ သူတို့ကို အရေးယူရမဲ့ တာဝန်က ဆက်ရှိနေဦးမှာပါ။
ကမ္ဘာ့ဥပဒေ စံနမူနာသစ်နဲ့ နိဂုံး
ဒီစီရင်ချက်ဟာ မြန်မာတနိုင်ငံတည်းကိုပဲ ရိုက်ခတ်တာ မဟုတ်ပါဘူး။ ကမ္ဘာ့တခြားအမှုကြီးတွေအတွက်ပါ တိုက်ရိုက် စံနမူနာကြီး ဖြစ်သွားပါတယ်။ ဥပမာ တောင်အာဖရိကက အစ္စရေးကို ဂါဇာကိစ္စနဲ့ ICJ မှာ ဂျီနိုဆိုက် စွဲထားတဲ့ အမှုမျိုးပါ။
ဂျီနိုဆိုက် ရည်ရွယ်ချက်ကို တရားရုံးက ဘယ်လိုတိုင်းတာ ဆုံးဖြတ်သလဲ။ အခု စီရင်ထုံးအသစ် ပေါ်လာပါပြီ။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေကြားမှာပါ နိုင်ငံရေးဂယက်တွေ ရှိလာနိုင်ပါတယ်။ တရားရုံးအပေါ် ဖိအားပေးမှုတွေလည်း ပေါ်ပေါက်လာနိုင်ခြေ ရှိပါတယ်။
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဘယ်လိုပဲ အားပြိုင်နေကြပါစေ။ မြန်မာနိုင်ငံအတွက်ကတော့ ဥပဒေအဖြေက ရှင်းသွားပါပြီ။ ICJ သမိုင်းမှာ မြန်မာဟာ ပထမဆုံး ဂျီနိုဆိုက် ကျူးလွန်သူ နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားပါပြီ။
ဒီစီရင်ချက်ကြောင့် နိုင်ငံတကာတပ်တွေလာမှာ မဟုတ်ပါဘူး။ လက်ရှိ အာဏာကိုင်ထားသူတွေကလည်း သူတို့ကိုယ်သူတို့ အရေးယူမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ ခြေထောက်မှာ ခတ်လိုက်တဲ့ ဥပဒေသံခြေချင်းကြီးပါ။ ရေတိုမှာ မျက်ကွယ်ပြုထားလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ ပြန်ရပ်တည်စေချင်ရင်တော့ မရပါဘူး။ စီးပွားရေးနဲ့ သံတမန်ရေး တံခါးတွေ ပြန်ဖွင့်ချင်ရင်တော့ မရပါဘူး။ အနာဂတ် အစိုးရတိုင်းဟာ ဒီဖိုင်တွဲကြီးကို ပြန်ဖွင့်ရပါမယ်။ နိုင်ငံတကာဥပဒေနဲ့အညီ မဖြစ်မနေ ရှင်းလင်းသွားရတော့မှာ ဖြစ်ပါတယ်။
တင်ဦး











