DVB Logo
Home
Lead Story
စစ်ဘေးကြားက ကရင်နီအမျိုးသမီးတွေရဲ့ ရှင်သန်ရေးတိုက်ပွဲ
DVB
·
November 9, 2026
စစ်ဘေးကြားက ကရင်နီအမျိုးသမီးတွေရဲ့ ရှင်သန်ရေးတိုက်ပွဲ
Donate to DVB

အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ မိသားစုနဲ့ ခွဲခွာရခြင်း၊ စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ အနာဂတ် အတွက် ရုန်းကန်ရခြင်းတွေဟာ ကရင်နီဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ မပြီးဆုံးသေးတဲ့ ရှင်သန်ရေးတိုက်ပွဲတွေ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ဒေါ်မော်နီကာက ထိုင်း-မြန်မာနယ်စပ် သံလွင်အရှေ့ခြမ်းက စစ်ရှောင်စခန်းကို ရောက်လာဖို့ ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ်လထဲမှာ လမ်းခရီးကန့်သတ်မှုတွေနဲ့ အခက်အခဲတွေကြား တလနီးပါး ခြေလျင် လမ်းလျှောက်လာခဲ့ရပါတယ်။

ညသန်းခေါင်ယံ၊ မိုးသည်ထန်နေတဲ့အချိန် တောင်ပေါ်လမ်းတလျှောက် ဒူးဆစ်ထိရောက်‌နေတဲ့ ရွှံ့တွေကြားမှာ နာရီများစွာ လမ်းလျှောက်နေသူတွေထဲမှာ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပါတယ်။

ဒေါ်မော်နီကာ ကိုယ်တိုင်လည်း အသက်သုံးနှစ်မပြည့်သေးတဲ့ အငယ်ဆုံးသားကို ခင်ပွန်းဖြစ်သူနဲ့ ပခုံးပေါ် တလှည့်စီထမ်းပိုးရင်း ကလေးငိုသံတွေကို စစ်တပ်က မကြားစေဖို့ မိခင်တွေအားလုံး ရင်တထိတ်ထိတ်နဲ့ ခရီးဆက်ခဲ့ရတဲ့အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

“မျက်စိမှိတ်ပြီး လမ်းလျှောက်ရသလိုပဲ ညသန်းခေါင်အချိန် မီးလည်းမရှိတော့မျက်စိဖွင့်ထားလည်း မျက်စိမှတ်ပြီး လျှောက်သလိုပဲ။ ဘေးကလူတွေရဲ့ ပခုံးပေါ် လက်နဲ့စမ်းပြီး လမ်းလျှောက်ရတာမျိုး” လို့ ဒေါ်မော်နီကာက ပြောပြပါတယ်။

သူတို့ဟာ စစ်အာဏာရှင်တပ်ရဲ့ ကျေးရွာတွေအနီး တပ်စွဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာလာခဲ့ကြတာပါ။ နေအိမ်တွေ ပျက်စီးတာ၊ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေကြောင့် သားသမီးတွေရဲ့ လုံခြုံရေးအတွက် ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဒေါ်မော်နီကာက ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို အသက်လုပြီး ထွက်ပြေးလာခဲ့ရတဲ့ ခရီးဟာ သူတို့ရဲ့ ဒုက္ခတွေကို အဆုံးသတ် မပေးနိုင်ခဲ့ပါဘူး။ ဘေးလွတ်ရာကို ရောက်ရှိလာပေမဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးတွေရဲ့ ပညာရေးနဲ့ နောက်တကြိမ် ထပ်မံရွှေ့ပြောင်းရနိုင်တဲ့ စိုးရိမ်မှုတွေက ဆက်လက်ရှိနေခဲ့ပါတယ်။

ဒေါ်မော်နီကာရဲ့ အတွေ့အကြုံဟာ ကရင်နီဒေသက စစ်ဘေးရှောင် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။

မပြီးဆုံးသေးသော စစ်ရှောင်ဘဝ

ဒေါ်မော်နီကာအတွက်တော့  အသက်ဘေးလုံခြုံရေးကြောင့် နေရပ်စွန့်ခွာလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်စခန်းကို ရောက်လာတဲ့အခါမှာလည်း မိသားစုတွေ ရှင်သန်ရပ်တည်ရေး တာဝန်က အမျိုးသမီးတွေရဲ့ ပခုံးပေါ်မှာပဲ ဆက်လက်ကျန်ရှိနေပါတယ်။

မိုးရွာထဲမှာ တောင်တက်တောင်ဆင်း ခရီးရှည်လျှောက်ခဲ့ရသလို စစ်ရှောင်ဘဝမှာလည်း နေစရာ အိမ်ဆောက်ဖို့ သစ်ခုတ်၊ ဝါးခုတ်ရတာကအစ အမျိုးသမီးတွေကိုယ်တိုင် လုပ်ကိုင်လာကြရ ပါတယ်။

အခုတော့ သူတို့ တနှစ်လောက်နေထိုင်လာတဲ့ သံလွင်အရှေ့ခြမ်းက စစ်ရှောင်စခန်းကနေ ၂၀၂၆ နှစ်ကုန်ပိုင်းမှာ နောက်ထပ်တနေရာကို ထပ်ပြောင်းရဖို့ အကြောင်းဖန်လာပြန်ပါတယ်။

ခင်ပွန်းဖြစ်သူက  နိုင်ငံရေးအမှုနဲ့ ထောင် နှစ် ၄၀ ကျော်ထိ ချခံထားရတဲ့ ဒေါ်အန်းတောညာဟာ သားသမီးလေးယောက်ကို တယောက်တည်း ပြုစုစောင့်ရှောက်ရင်း အဲဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရသူတဦးပါ။

“တခါမှ မဆောက်ဖူးဘူး၊ ဒီစစ်ရှောင်မှပဲ ဆောက်ဖူးတာ။ အရင်တုန်းက အိမ်မှာနေတာ၊ သစ်ခုတ်တာ တခါမှ မလုပ်ဖူးဘူး။ ဒီမှာရောက်မှ ရုန်းကန်ရတာ” လို့ ဒေါ်အန်းတောညာက ပြော ပါတယ်။

Media

အိမ်ဆောက်ဖို့ သစ်ခုတ်၊ ဝါးခုတ်ရတာကအစ အရင်က မလုပ်ဘူးတဲ့ အလုပ်တွေကို လုပ်ကိုင်လာရသလို သားသမီးလေးယောက်ရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးကိုလည်း တယောက်တည်း တာဝန်ယူနေရတာပါ။

“အမေဖျားလို့ မဖြစ်နိုင်ဘူး၊ အမေဖျားဆို သားက ကျောင်းလည်း မတက်တော့ဘူး၊အမေအနားမှာပဲ စောင့်မှာ” လို့ သားဖြစ်သူက ပြောတဲ့အခါ မျက်ရည်သုတ်ပြီး အားပြန်တင်းထားရတယ်လို့ ဒေါ်အန်းတောညာက မိခင်တယောက်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ပြောပြပါတယ်။

မိသားစုအတွက် အားတင်းနေရပေမဲ့ နေရာတခုမှာ အခြေချနေထိုင်နိုင်ဖို့ မသေချာတဲ့ အခြေအနေကလည်း သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတခု ဖြစ်နေပါတယ်။

“တခါတလေ ရူးတောင် ရူးချင်တယ်” လို့ ပြောရတဲ့အထိ အကြိမ်ကြိမ် နေရာရွှေ့ပြောင်းခဲ့ရတာလို့ ဒေါ်အန်းတောညာက ဖွင့်ဟပါတယ်။

ဒေါ်အန်းတောညာ တဦးတည်းသာ မဟုတ်ပါဘူး။ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ အမျိုးသမီးတွေ အတွက်လည်း နေရာတခုမှာ အခြေချ နေထိုင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်က မသေချာသေးပါဘူး။

တနေရာမှာ ခဏတာနေထိုင်ပြီး နောက်တနေရာကို ထပ်မံရွှေ့ပြောင်းရနိုင်တဲ့ အခြေအနေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်စေပါတယ်။

မိုင်းပတ်လည်ဝိုင်းနေတဲ့ရွာ၊ ဝေးနေဆဲအိမ်ပြန်ခရီး

နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူတွေအဖို့ ထွက်ပြေးလာခဲ့ရတဲ့ ခရီးက အန္တရာယ်များခဲ့သလို နေရပ်ပြန်နိုင်ဖို့ကလည်း မလွယ်ကူသေးပါဘူး။

ကရင်နီဒေသက ကျေးရွာတချို့မှာ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရသလို မြေမြှုပ်မိုင်းအန္တရာယ်နဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ဒေသခံတချို့ဟာ နေရပ်ကို ပြန်မဝင်နိုင်ကြသေးပါဘူး။

လွိုင်ကော်မြို့နယ်က ကျေးရွာတရွာမှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့တဲ့ နန်းစူးစူးလင်းကလည်း ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာသားတွေနဲ့အတူ နေရပ်စွန့်ခွာခဲ့ရသူတဦး ဖြစ်ပါတယ်။

မတိမ်းရှောင်မီက ရွာမှာ အိမ်ထောင်စု ၃၀၀ ကျော်နဲ့ လူဦးရေ ၂,၀၀၀ ကျော် နေထိုင်ခဲ့ကြပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတဲ့အခါ တနေရာတည်းမှာ အားလုံးစုဝေးနေထိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် နေရာခွဲပြီး တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အဲဒီလို တိမ်းရှောင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ စစ်အာဏာရှင်တပ်က ရွာအတွင်းက နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပြင် တပ်စွဲပြီး ပြန်လည်ထွက်ခွာချိန်မှာလည်း ရွာကို မီးရှို့ခဲ့တယ်လို့ နန်းစူက ပြောပါတယ်။

နေအိမ် သုံးလေးလုံးသာ ကျန်ရှိခဲ့ပြီး ရွာတရွာလုံးမှာလည်း မြေမြှုပ်မိုင်းတွေ ခင်းကျင်းထားခဲ့တယ် လို့ ဆိုပါတယ်။

လက်ရှိမှာ လူနည်းစုသာ ပြန်လည်နေထိုင်နိုင်သေးပြီး  အများစုကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်ရဲကြသေးပါဘူး။

Media

နေရပ်စွန့်ခွာရမှုနဲ့ အကြိမ်ကြိမ်ကြုံတွေ့ရတဲ့အခါ အမျိုးသမီးတွေအတွက်လည်း ရှေ့ဆက်ရမဲ့ ဘဝအပေါ် မျှော်လင့်ချက်ထားဖို့ ခက်ခဲလာပါတယ်။ နန်းစူးကတော့ အပြစ်မရှိတဲ့ အရပ်သားတွေကို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ထိခိုက်သေဆုံးမှုတွေ ပိုများလာမယ်လို့ ပြောပါတယ်။

“သူတို့က မနိုင် နိုင်တဲ့အလုပ်ကို လုပ်နေတဲ့အခါကျတော့... ဒီအပြစ်မရှိတဲ့လူတွေကို ဆက်တိုက် ဆက်တိုက် လုပ်နေမယ်ဆိုရင် ထိခိုက်သေဆုံးမှုပဲ များမယ်။ လူတယောက်အနေနဲ့ ခံစားချက်၊ နောက်ပြီးတော့ ကျမတို့ဆို ကျမတို့ အမျိုးသမီးတယောက်အနေနဲ့ ခံစားချက်ဆိုရင် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ ဆိုတော့ အဲဒီမျှော်လင့်ချက်မဲ့အောင် မလုပ်ပါနဲ့လို့ ကျမတို့ ပြောပြပေးချင်တယ်” လို့ နန်းစူးက ပြောပါတယ်။

Media

ရှင်သန်ရေးတိုက်ပွဲ

နေရပ်ပြန်နိုင်ဖို့ မသေချာသေးသလို စစ်ရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်ရတဲ့ မိသားစုတွေ အတွက်လည်း စားဝတ်နေရေး အခက်အခဲတွေက နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြဿနာတခု ဖြစ်နေပါတယ်။ အထူးသဖြင့် အလှူရှင်တွေရဲ့ အကူအညီတွေ လျော့နည်းလာတဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အမျိုးသမီးတွေဟာ ကိုယ်တိုင် ဝင်ငွေရှာဖွေပြီး ရှင်သန်နိုင်ဖို့ ကြိုးစားလာကြရပါတယ်။

Media

သံလွင်အရှေ့ခြမ်းမှာ စစ်ရှောင်စခန်း ၁၅ ခုရှိပြီး အိမ်ထောင်စု ၁၄,၀၀၀ ကျော် နေထိုင်နေကြပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာနဲ့ တကိုယ်ရေ သန့်ရှင်းရေးပစ္စည်းတွေ လိုအပ်နေသလို နိုင်ငံတကာ အကူအညီတွေကလည်း ပုံမှန်မရရှိတော့ဘူးလို့ ကရင်နီပြည် အမျိုးသမီး တက်ကြွလှုပ်ရှားသူလည်းဖြစ် စစ်ဘေးရှောင်တွေအရေး အကူအညီပေးနေတဲ့ ဒေါရစ်က ပြောပြပါတယ်။

အရင်က စစ်ရှောင်မိသားစုတွေကို ဆန်အပြင် ပဲ၊ ဆီနဲ့ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေပါ ထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ အဲဒီအကူအညီတွေ ရပ်တန့်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ တချို့အကူအညီတွေကို ၄ လကနေ  ၆ လတကြိမ်လောက်သာ ရရှိတော့ပြီး အဓိကအားဖြင့် ဆန်ကိုသာ ထောက်ပံ့နိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေါရစ်က ပြောပါတယ်။

အကူအညီအပေါ်  မှီခိုနေရတဲ့ အခြေအနေကနေ ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ဖို့ ကြိုးစားလာကြပေမဲ့ စိုက်ပျိုးမြေမရှိတာ၊ အလုပ်အကိုင်ရှားပါးတာနဲ့ လုံခြုံရေး အန္တရာယ်တွေ ကြောင့် ဝင်ငွေရှာဖို့လည်း မလွယ်ကူပါဘူး။ တချို့အမျိုးသမီးတွေဟာ လယ်ယာလုပ်ငန်းတွေမှာ နေ့စားအလုပ်လုပ်တာ၊ တောထဲ ချောင်းထဲက ဟင်းသီးဟင်းရွက်တွေ ရှာဖွေရောင်းချတာနဲ့ နေရာလွတ်လေးတွေမှာ စိုက်ပျိုးတာတွေကို လုပ်ကိုင်နေကြရပါတယ်။

“အရင်တုန်းကဆို အရမ်းမှီခိုတယ်။ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေ အားယုတ်သွားတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ် ရှင်သန်ရမယ်၊ ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကတော့ တိုးတက်လာကြတယ်။ ဒါပေမဲ့ ကျနော်တို့မှာ မြေမရှိဘူး၊ စိုက်ပျိုးစရာ မြေမရှိဘူး၊ အလုပ်လုပ်ကိုင်စရာ နေရာမရှိဘူး။ အလုပ်လုပ်ရခက်ရင်တောင်မှ အန္တရာယ်အရမ်းများတယ်။ အလုပ်သွားတဲ့နေရာက ဗုံးကြဲတယ်၊ အလုပ်သွားတဲ့နေရာမှာ မြေမြှုပ်မိုင်းရှိတယ်” လို့ ဒေါရစ်က ပြောပါတယ်။

စားဝတ်နေရေး အခက်အခဲတွေအပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးနဲ့ တရားမျှတမှု ရရှိရေးကလည်း စိုးရိမ်စရာ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

Media

စစ်ရှောင်ဒေသတွေမှာ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အမျိုးသမီးငယ်တွေ စောစီးစွာ အိမ်ထောင်ပြုရတဲ့ ဖြစ်စဉ်တွေ ရှိနေသလို အမှုအခင်းတွေကို ဖြေရှင်းရာမှာလည်း အာဏာရှိသူတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုကြောင့် တရားမျှတမှုရရှိဖို့ ခက်ခဲနေတယ်လို့ ဒေါရစ်က ပြောပါတယ်။

“အပေါ်ကိုလည်း ကြောက်ရတယ်၊ အောက်ကိုလည်း ကြောက်ရတယ်၊ အထဲကိုလည်း ကြောက်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ထမင်းစားရတာတောင်မှ ကြောက်ရတယ်။ လုံခြုံမှုမရှိဘူး။ အပြည့်အဝ လုံခြုံလား မေးရင် သူတို့ကိုယ်တိုင်ပဲ ဖြေလိမ့်မယ်။ တရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်” လို့ ဒေါရစ်က ပြောပါတယ်။

အဲဒီလို လုံခြုံရေးနဲ့ တရားမျှတမှုဆိုင်ရာ အခက်အခဲတွေ ရှိနေသလို ကလေးတွေရဲ့ ပညာရေးအတွက်လည်း စိုးရိမ်စရာတွေ ရှိနေပါတယ်။ ဘတ်ဂျက်အခက်အခဲ၊ ဆရာ၊ ဆရာမ မလုံလောက်မှုနဲ့ သင်ကြားရေးအရည်အသွေးဆိုင်ရာ ပြဿနာတွေကြောင့် စစ်ရှောင်ဒေသက ကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ အကန့်အသတ် ရှိနေတယ်လို့ ဒေါရစ်က ပြောပါတယ်။

“ဖြစ်သလိုပဲ ပညာရေးဖြစ်နေတာပေါ့။ ပြောရရင် ရင်နာတယ်။ ဖြစ်သလိုပဲ ဖော်ဆောင်တဲ့ ပညာရေးလိုမျိုး ဖြစ်နေတယ်။ ဒါ အရမ်းရင်လေးစရာကောင်းတာပေါ့နော်” လို့ သူက ဆိုပါတယ်။

Media

ကျန်းမာရေးပိုင်းကို ကြည့်ရင်လည်း စစ်ရှောင်အမျိုးသမီးတွေဟာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့အပြင် သားဆက်ခြားရေးဆိုင်ရာ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

သားဆက်ခြားဆေးဝါး လုံလောက်မှုမရှိတာ၊ ဘာသာရေးဆိုင်ရာ အကန့်အသတ်တွေနဲ့ အမျိုးသားတွေရဲ့ လက်ခံမှု အားနည်းတာတွေဟာ အမျိုးသမီးတွေအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ကျန်းမာရေးစေတနာ့ဝန်ထမ်း ဒေါ်မာတက ပြောပါတယ်။

သားဆက်ခြားဆေးဝါးတွေကြောင့် ရာသီမမှန်တာ၊ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်တဲ့ အမျိုးသားတွေက ဆေးသုံးစွဲဖို့ လက်မခံကြတာတွေလည်း ရှိနေပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ မိသားစုတာဝန်၊ စားဝတ်နေရေးနဲ့ ဆေးဖိုးဝါးခတွေကိုပါ တပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု ပိုများလာတယ်လို့ ဒေါ်မာတက သုံးသပ်ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ အမျိုးသမီးတွေဟာ မိသားစုတာဝန်၊ စားဝတ်နေရေးနဲ့ ဆေးဝါးကုသစရိတ်တွေကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတာကြောင့် စိတ်ဖိစီးမှု ပိုများလာတယ်လို့ DVB က တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ စစ်ရှောင်အမျိုးသမီးတွေက တူညီစွာ ရင်ဖွင့်ပါတယ်။

Media

စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ ရှင်သန်ရေးတိုက်ပွဲဟာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့အချိန်မှာတင် အဆုံးသတ်သွားတာ မဟုတ်ပါဘူး။

စားဝတ်နေရေးအတွက် ရုန်းကန်ရတာ၊ သားသမီးတွေရဲ့ ပညာရေးနဲ့ အနာဂတ်ကို စိုးရိမ်ရတာ၊ လုံခြုံမှုနဲ့ တရားမျှတမှုမရှိတဲ့ အခြေအနေတွေကြားမှာ ရပ်တည်နေရတာတွေက သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ဆက်လက်ရှိနေပါတယ်။

လက်ရှိအချိန်အထိ ကရင်နီပြည်နယ် လူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ လူဦးရေ ၂ သိန်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ တဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရှောင်စခန်းတွေကိုပါ ရှောင်ရှားခဲ့ခြင်း မရှိပါဘူး။ ကရင်နီမြေမှာ စစ်မီးမငြိမ်းသေးသလို စစ်ရှောင်စခန်းတွေထဲက အမျိုးသမီးတွေရဲ့ ရှင်သန်ရေးတိုက်ပွဲဟာလည်း မပြီးဆုံးသေးပါဘူး။

မချစ်မွန်

Photo: ကိုစောမင်းသိန်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013