DVB Logo
Home
Lead Story

“တရားရုံးက တံခါးဖွင့်ပေးလိုက်ပါပြီ” မိုက်ကယ်အေဘက်ကာနှင့် အမေးအဖြေ ၅ ခု

DVB
·
November 25, 2026
“တရားရုံးက တံခါးဖွင့်ပေးလိုက်ပါပြီ” မိုက်ကယ်အေဘက်ကာနှင့် အမေးအဖြေ ၅ ခု
Donate to DVB

ဂမ်ဘီယာရဲ့ အတ္တလန္တိတ်ကမ်းရိုးတန်းနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာရပ်ရွာတွေဟာ မိုင်ထောင်ချီ ဝေးကွာပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ ဒီအနောက်အာဖရိက နိုင်ငံငယ်လေးကပဲ သဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာကို ဂျီနိုဆိုက်နဲ့ တရားစွဲခဲ့ပါတယ်။

၇ နှစ်အကြာမှာတော့ မြန်မာမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါပြီ။ ICJ သမိုင်းမှာ နိုင်ငံတနိုင်ငံကို ဂျီနိုဆိုက်ကျူးလွန်ကြောင်း တိုက်ရိုက်ဆုံးဖြတ်တာ ဒါ ပထမဆုံးအကြိမ်ပါ။ စီရင်ချက်ရဲ့ အဓိကအချက်က အကြမ်းဖက်မှုနောက်ကွယ်က ရည်ရွယ်ချက် ဖြစ်ပါတယ်။ မြန်မာဘက်က အကြမ်းဖက်သမားတွေကို တိုက်ခိုက်တာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ သက်သေအားလုံးကို ခြုံငုံကြည့်လိုက်တဲ့အခါ တရားသူကြီးတွေက တမျိုးမြင်ခဲ့ပါတယ်။ ရိုဟင်ဂျာလူမျိုးစုရဲ့ အစိတ်အပိုင်း အများအပြားကို ဖျက်ဆီးလိုတဲ့ ကြံရွယ်ချက် ရှိတယ်လို့ တွေ့ရှိခဲ့တာပါ။ ဒါဟာ တခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်ဖြစ်ပြီး မြန်မာရဲ့ လုပ်ရပ်တွေကို တခြားအကြောင်းပြချက်နဲ့ ရှင်းပြလို့ မရဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီစီရင်ချက်က ရိုဟင်ဂျာတွေအတွက်ရော တခြားအရေးကိစ္စတွေအပေါ်မှာပါ ဘယ်လောက်အရေးပါလဲဆိုတာကို Trinity College Dublin နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေဆိုင်ရာ လက်ထောက်ပါမောက္ခ မိုက်ကယ်အေဘက်ကာကို Verfassungsblog ရဲ့ လုံခြုံရေးဥပဒေနှင့် ရာဇဝတ်ဥပဒေကဏ္ဍ အယ်ဒီတာ  ဂျာနာထရပ်က ဆွေးနွေး မေးမြန်းထားပါတယ်။

၁။ စီရင်ချက်ကို နားလည်ဖို့ အမှုရဲ့ အစကနေ စပြောရအောင်ပါ။ ဒီအမှု ဘယ်လိုစဖြစ်လာတာလဲ။ ကိုယ့်နယ်နိမိတ်နဲ့ အဝေးကြီးမှာ ဖြစ်ခဲ့တဲ့ ရက်စက်မှုတွေအတွက် ဂမ်ဘီယာက ဘယ်လိုလုပ်ပြီး တရားစွဲခွင့် ရခဲ့တာလဲ။

၂၀၁၆ နဲ့ ၂၀၁၇ မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး” တွေ လုပ်ခဲ့ပါတယ်။ အဲဒါကို တုံ့ပြန်ပြီး ဂမ်ဘီယာက မြန်မာကို တရားစွဲလိုက်တာပါ။ မြန်မာကတော့ လက်နက်ကိုင်တွေကိုတိုက်တဲ့ သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစု ရိုဟင်ဂျာ ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ နောက်ထပ် ၇၀၀,၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပါတယ်။ အများစုက အခုထိ လူပြည့်ကျပ်ပြီး အန္တရာယ်များတဲ့ စခန်းတွေမှာ နေနေရတုန်းပါပဲ။ ဂမ်ဘီယာက ၂၀၁၉ နိုဝင်ဘာမှာ ICJ ကို စွဲဆိုခဲ့ပြီး ၂၀၂၀ ဇန်နဝါရီမှာတော့ မြန်မာအပေါ်  ကြားဖြတ်စီမံချက် အမိန့်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဘာလို့ ဂမ်ဘီယာ ဖြစ်နေရတာလဲ။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တချို့မှာ စာချုပ်ဝင်နိုင်ငံအချင်းချင်း ထားရတဲ့ စုပေါင်းတာဝန်ဝတ္တရား (obligations erga omnes partes) တွေ ရှိပါတယ်။ ၁၉၄၈ ဂျီနိုဆိုက် တားဆီးရေး သဘောတူစာချုပ်အရ နိုင်ငံတနိုင်ငံက ချိုးဖောက်တယ်လို့ စွပ်စွဲခံရပြီဆိုပါစို့။ တခြား ဘယ်စာချုပ်ဝင်နိုင်ငံမဆို စာချုပ်လိုက်နာအောင် တရားစွဲခွင့် ရှိပါတယ်။ စာချုပ်အပိုဒ် ၉ ကလည်း နိုင်ငံတနိုင်ငံတည်းကနေ ICJ ကို တိုက်ရိုက်တရားစွဲခွင့် ပေးထားပါတယ်။ ဂမ်ဘီယာရော မြန်မာပါ အပိုဒ် ၉ ကို ကန့်ကွက် ခြွင်းချက်ထားတာ မရှိပါဘူး။ ဒါကြောင့် တရားရုံးက အမှုကို လက်ခံစစ်ဆေးနိုင်ခဲ့တာပါ။ ၂၀၂၂ တရားစီရင်ပိုင်ခွင့် ဆုံးဖြတ်ချက်မှာလည်း ဂမ်ဘီယာဟာ "တိုက်ရိုက်မနစ်နာတဲ့ နိုင်ငံ" ဖြစ်ပေမဲ့ တရားစွဲပိုင်ခွင့်ရှိကြောင်း ICJ က အတည်ပြုပေးခဲ့ပါတယ်။

တကယ်တော့ ဘယ်နိုင်ငံမဆို မြန်မာကို တရားစွဲလို့ ရပါတယ်။ ဂမ်ဘီယာ ဖြစ်လာရတဲ့ နောက်ကွယ်မှာတော့ အကြောင်းရင်းတချို့ ရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက တရားစွဲပေးမဲ့ နိုင်ငံတခုကို လိုက်ရှာကြိုးပမ်းခဲ့ကြပါတယ်။ အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကလည်း တက်တက်ကြွကြွ ပံ့ပိုးခဲ့ပါတယ်။ ဂမ်ဘီယာက မွတ်စလင်အများစုနေတဲ့ နိုင်ငံပါ။ ဒါကြောင့် ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာပေးချင်စိတ် ရှိခဲ့တာပါ။ နောက်တချက်က အဲဒီအချိန်က ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူးပါ။ သူက ရဝမ်ဒါ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေဟောင်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ ဒုက္ခကို စိတ်ဝင်စားခဲ့သလို ဂမ်ဘီယာက ဦးဆောင်တရားစွဲဖို့ အကောင်းဆုံး တွန်းအားပေးနိုင်တဲ့ အနေအထားမှာလည်း ရှိနေခဲ့ပါတယ်။

၂။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ တခြားအချက်အလက်ရှာဖွေရေးအဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို စုံစမ်းခဲ့ကြပါတယ်။ သူတို့ရဲ့ အစီရင်ခံစာတွေကို တရားရုံးက ဘယ်လိုသုံးသပ်ပြီး ဘယ်လောက်အလေးထားခဲ့လဲ။

၂၀၂၆ ဇန်နဝါရီလ နှုတ်နဲ့ ကြားနာပွဲမှာ တရားရုံးက မျက်မြင်သက်သေ ၄ ဦးနဲ့ ကျွမ်းကျင်သူ ၁ ဦးကို တိုက်ရိုက်စစ်ဆေး နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိကသက်သေအများစုက ပြင်ပ အချက်အလက်ရှာဖွေရေး အစီရင်ခံစာတွေပါ။ အထင်ရှားဆုံးက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ သူ့ကိုဆက်ခံတဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့ရဲ့ အစီရင်ခံစာတွေ ဖြစ်ပါတယ်။ FFM ကို ၂၀၁၇ မတ်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာပါ။ ဇန်နဝါရီ ကြားနာပွဲအချိန်အများစုမှာ မြန်မာဘက်က ဒီအစီရင်ခံစာတွေရဲ့ တိကျမှုနဲ့ ယုံကြည်စိတ်ချရမှုကို အဓိကထား ချေပခဲ့ပါတယ်။ တရားရုံးက NGO တွေရဲ့ မှတ်တမ်းနဲ့ သက်သေထွက်ဆိုချက်တွေကိုပါ ထည့်စဉ်းစားခဲ့ပေမဲ့ သိပ်အလေးမထားခဲ့ပါဘူး။

အရင်အမှုတွေမှာ ICJ ဟာ သာမန်စုံစမ်းမှုတွေထက် နှစ်ဖက် အပြန်အလှန် စစ်ဆေးချေပထားတဲ့ အချက်အလက်တွေကို ပိုသဘောကျလေ့ ရှိပါတယ်။ ဥပမာ- အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွေက အတည်ပြုထားတဲ့ အချက်အလက်မျိုးတွေပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့တွေရဲ့ တွေ့ရှိချက်တွေကိုလည်း တော်တော်လေး လက်ခံယုံကြည်လေ့ ရှိပါတယ်။

အခုအမှုမှာလည်း ICJ က ဒီမူလချဉ်းကပ်ပုံကိုပဲ ဆက်သုံးခဲ့ပါတယ်။ အစီရင်ခံစာရေးသူတွေရဲ့ လွတ်လပ်မှုနဲ့ အရည်အချင်း၊ နည်းစနစ်၊ သက်သေအရည်အသွေးနဲ့ တခြားအထောက်အထားတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို အဓိကကြည့်ခဲ့တာပါ။ FFM အစီရင်ခံစာတွေဟာ "တိကျခိုင်မာတဲ့ နည်းစနစ်" ကို သုံးထားပြီး အရင်အမှုတွေက မှတ်တမ်းတွေနဲ့ တန်းတူ အသေးစိတ်ကျတယ်လို့ တရားရုံးက ကောက်ချက်ချပါတယ်။ တဖက်မှာတော့ FFM ရဲ့ "ကျိုးကြောင်းဆီလျော်သော အခြေခံ" စံနှုန်းဟာ တရားရုံးရဲ့ "အပြည့်အဝ ခိုင်လုံမှု" စံနှုန်းနဲ့ မတူပါဘူး။ ဒါကြောင့် သတိထား သုံးသပ်ရမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ IIMM အစီရင်ခံစာတွေကတော့ နောင်လာမဲ့ ရာဇဝတ်မှု တရားစီရင်ရေးတွေအတွက် မြင့်မားတဲ့စံနှုန်းနဲ့ စနစ်တကျ ပြုစုထားတာပါ။ အဲဒါကြောင့် "သက်သေအဖြစ် ကြီးမားတဲ့ ဩဇာသက်ရောက်မှုရှိတယ်" လို့ ICJ က သတ်မှတ်ခဲ့ပါတယ်။

ဒီသုံးသပ်ချက်တွေအပေါ် အခြေခံပြီး ၂၀၁၇ နယ်မြေရှင်းလင်းရေးအတွင်း မြန်မာတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို ICJ က အတည်ပြုခဲ့ပါတယ်။ အဲဒီမှာ FFM နဲ့ IIMM ရဲ့ တွေ့ရှိချက်တွေကို အလေးထားခဲ့တာပါ။ သေဆုံးသူအရေအတွက်၊ အုပ်စုဖွဲ့နဲ့ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကလေးငယ်တွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။ ထွက်ပြေးသူတွေကို စနစ်တကျ တိုက်ခိုက်တာနဲ့ ရိုဟင်ဂျာပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာတွေလည်း ပါပါတယ်။ ထူးခြားတာက FFM ရော IIMM ပါ မြန်မာနိုင်ငံထဲ ဝင်ခွင့်မရခဲ့တာကို တရားရုံးက ပြဿနာအဖြစ် မမြင်ခဲ့ပါဘူး။ ပိုထင်ရှားတာက မြန်မာဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ မပူးပေါင်းခဲ့ပါဘူး။ ဒါပေမဲ့ အဲဒါက အစီရင်ခံစာတွေရဲ့ ယုံကြည်စိတ်ချရမှုကို မထိခိုက်စေဘူးလို့ တရားရုံးက ဆိုပါတယ်။ အဲဒီအစား မြန်မာဘက်က မချေပနိုင်တဲ့ သက်သေတွေအပေါ် "ပိုမိုလွတ်လပ်စွာ ကောက်ချက်ချနိုင်ဖို့" တောင် အခြေခံဖြစ်စေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကနဦးလေ့လာရသလောက်တော့ တရားရုံးရဲ့ ချဉ်းကပ်ပုံက ပုံမှန်နဲ့ သိပ်မကွာလှပါဘူး။ အစီရင်ခံစာတွေထဲက ဥပဒေပိုင်း သုံးသပ်ချက်တွေကို သက်သေအဖြစ် လုံးဝထည့်မတွက်ဘူးလို့လည်း တရားရုံးက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ အချက်တချက် ရှိလာပါတယ်။ နိုင်ငံတနိုင်ငံက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့တွေနဲ့ မပူးပေါင်းဘူး၊ သူတို့တွေ့ရှိချက်တွေကိုလည်း ထိထိရောက်ရောက် မချေပနိုင်ဘူး ဆိုပါစို့။ အဲဒီအခါ သက်ဆိုင်ရာနိုင်ငံအတွက် ဆိုးကျိုးဖြစ်စေမဲ့ ကောက်ချက်တွေ ချမှတ်နိုင်တယ်လို့ တရားရုံးက အတိအလင်း ချိတ်ဆက် ပြောဆိုလိုက်တာပါ။

FFM နဲ့ IIMM အစီရင်ခံစာတွေအပေါ် တရားရုံးက အားကိုးခဲ့တာကို သဘောထားကွဲလွဲတဲ့ တရားသူကြီးတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါက သိပ်မထူးဆန်းပါဘူး။ တရားသူကြီး ရှူး၊ တရားသူကြီး ဆီဘူတင်ဒီနဲ့ တရားသူကြီး နောလ်တီတို့က ဒီအစီရင်ခံစာတွေအပေါ် အလွန်အကျွံ အားကိုးလွန်းတယ်လို့ ဝေဖန်ခဲ့ကြတာပါ။ အစီရင်ခံစာတွေထဲမှာ ဝေဖန်စရာ အချက်တချို့တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် တရားရုံးက သေသေချာချာ ဂရုတစိုက် သုံးသပ်ထားတာ တွေ့ရပါတယ်။ နောင်အမှုတွေမှာတော့ ဒီတရားသူကြီးတွေရဲ့ စိုးရိမ်ချက်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တရားရုံးက စဉ်းစားသင့်ပါတယ်။ ဥပမာ- ICJ ဟာ အငြင်းပွားအမှုတွေမှာ အစီရင်ခံစာရေးသူတွေကို တိုက်ရိုက်ခေါ်မေးတာ၊ ရှင်းလင်းချက် တောင်းတာမျိုး တခါမှ မလုပ်ဖူးပါဘူး။ ဒီနည်းလမ်းကို လုံးဝပိတ်ပင်မထားသင့်ပါဘူး။

၃။ လူတွေကို နေအိမ်ကနေ မောင်းထုတ်ချင်တဲ့ ရည်ရွယ်ချက်ဟာ သူတို့ကို လူမျိုးစုအလိုက် ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက်နဲ့ မတူပါဘူး။ အရင်အမှုတွေမှာ အဲဒီကွာခြားချက်ကြောင့် ဂျီနိုဆိုက် ကြံရွယ်ချက် မရှိဘူးလို့ တရားရုံးက ပယ်ချခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအမှုမှာတော့ ရိုဟင်ဂျာတွေကို မောင်းထုတ်ပုံကပဲ ဂျီနိုဆိုက်ကို အတည်ပြုပေးသလို ဖြစ်နေပါတယ်။ နေရပ်စွန့်ခွာစေမှုဟာ တခြားအကြောင်းပြချက် ဖြစ်မနေဘဲ ဘာကြောင့် ဂျီနိုဆိုက်ရဲ့ သက်သေ ဖြစ်သွားရတာလဲ။

ဘော့စနီးယား-ဆားဘီးယား အမှုနဲ့ ခရိုအေးရှား-ဆားဘီးယား အမှုတို့မှာ သုံးခဲ့တဲ့ တင်းကျပ်တဲ့ စံနှုန်းအတိုင်းပဲ ဒီအမှုမှာလည်း သုံးထားကြောင်း တရားရုံးက အလေးအနက် ရှင်းပြထားပါတယ်။ ဂျီနိုဆိုက် ကြံရွယ်ချက် (dolus specialis) ဆိုတာ လူမျိုးစုတခုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးလိုတဲ့ သီးသန့်ရည်ရွယ်ချက်နဲ့ သတ်ဖြတ်မှု စတဲ့ လုပ်ရပ်တွေကို ကျူးလွန်တာပါ။ ခရိုအေးရှားအမှုမှာ တိုက်ရိုက်သက်သေ မရှိရင်တောင် လုပ်ရပ်ပုံစံကိုကြည့်ပြီး ဒီရည်ရွယ်ချက်ကို အတည်ပြုနိုင်တယ်လို့ တရားရုံးက ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ "လုပ်ရပ်တွေကနေ ထွက်လာနိုင်တဲ့ တခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်" ဖြစ်ရပါမယ်။ အဲဒီအမှုမှာ ဆာ့ဘ်တပ်ဖွဲ့တွေက ခရိုအက်လူမျိုးတွေကို ရွှေ့ပြောင်းမောင်းထုတ်ဖို့ပဲ ကြိုးစားခဲ့တယ်ဆိုတဲ့ သက်သေတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဂျီနိုဆိုက် ကြံရွယ်ချက် ရှိတယ်လို့ ကောက်ချက်ချလို့ မရခဲ့ပါဘူး။ အဲဒီကတည်းက ကြာသပတေးနေ့ စီရင်ချက်မှာ ဒီစံနှုန်းကို တရားရုံး ဘယ်လိုသုံးမလဲဆိုပြီး အားလုံးက အာရုံစိုက်ခဲ့ကြတာပါ။

ဂမ်ဘီယာနဲ့ မြန်မာအမှုမှာလည်း ICJ က ဒီစံနှုန်းကို ထပ်အတည်ပြုခဲ့ပါတယ်။ ဂျီနိုဆိုက် ကြံရွယ်ချက်ဟာ အချက်အလက်တွေကနေ ထွက်လာတဲ့ တခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက် ဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သက်သေအားလုံးကို "ခြုံငုံပြီး" သုံးသပ်မယ်လို့ ရှင်းပြခဲ့ပါတယ်။ ဆိုလိုတာက လုပ်ရပ်ပုံစံတခုတည်းကို ကွက်ကြည့်တာ မဟုတ်ပါဘူး။ ချမှတ်လိုက်တဲ့ ကောက်ချက်ဟာ သက်သေအားလုံးကို ပေါင်းစုရှင်းပြနိုင်စွမ်း ရှိရမယ်လို့ ဆိုလိုတာပါ။

ဒီစံနှုန်းနဲ့အညီ မြန်မာရဲ့ လုပ်ရပ်တွေကို တခြား ဘယ်လိုကောက်ချက်တွေနဲ့ ရှင်းပြနိုင်မလဲဆိုတာ တရားရုံးက စဉ်းစားခဲ့ပါတယ်။ အဓိက ဖြစ်နိုင်ခြေသုံးခုကို အာရုံစိုက်ခဲ့တာပါ။ ပထမတခုက အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေး၊ ဒုတိယက ရိုဟင်ဂျာတွေကို အတင်းအဓမ္မ နှင်ထုတ်ဖို့ (လူမျိုးစုအလိုက် ရှင်းလင်းဖို့) နဲ့ တတိယက စုပေါင်းအပြစ်ပေးဖို့ ဖြစ်ပါတယ်။ ဒီသုံးခုလုံးက မြန်မာတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို ကျိုးကြောင်းဆီလျော်အောင် မရှင်းပြနိုင်ဘူးလို့ တရားရုံးက ကောက်ချက်ချပါတယ်။ ဒီအပိုင်းက စီရင်ချက်တခုလုံးမှာ အရေးအကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် မြန်မာရဲ့ လုပ်ရပ်အားလုံးကို ရှင်းပြနိုင်တဲ့ တခုတည်းသော ကောက်ချက်ဟာ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာလူဦးရေကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်ပဲလို့ ဆုံးဖြတ်လိုက်တာပါ။ တချိန်တည်းမှာ မြန်မာက သောင်းကျန်းသူတွေနဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ အချက်ကလည်း ဒီဆုံးဖြတ်ချက်ကို မတားဆီးနိုင်ခဲ့ပါဘူး။

ခရိုအေးရှားနဲ့ ဘော့စနီးယား အမှုတွေနဲ့ယှဉ်ရင် ဒီအမှုမှာ အတင်းအဓမ္မ ရွှေ့ပြောင်းစေမှု သက်သေကို တရားရုံးက ဘာလို့ မတူညီဘဲ ရှုမြင်ခဲ့တာလဲ။ စီရင်ချက်ထဲမှာ ဒါကို တိုက်ရိုက်ဆွေးနွေးထားပါတယ်။ အရင်အမှုတွေတုန်းက သက်ဆိုင်ရာလူဦးရေကို "တကယ်ပဲ နေရာရွှေ့ပြောင်းပေးတာနဲ့ ကယ်ထုတ်ပေးတာမျိုး လုပ်ဆောင်ခဲ့တဲ့ အလေ့အထ" ရှိခဲ့ပါတယ်။ မြန်မာအမှုမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေကို နေရာရွှေ့ပြောင်းပေးဖို့ ဒါမှမဟုတ် ကယ်ထုတ်ပေးဖို့ ကြိုးပမ်းမှုနဲ့ အစီအစဉ်ရှိခဲ့တယ်ဆိုတဲ့ သက်သေ တခုမှ မတွေ့ရပါဘူး။ အဲဒီအစား ထွက်ပြေးဖို့ ကြိုးစားသူတွေကို တားဆီးတာ၊ ထွက်ပြေးနေတုန်း သတ်ဖြတ်ပစ်တာတွေတောင် ရှိခဲ့တယ်လို့ တရားရုံးက မှတ်ချက်ပြုထားပါတယ်။ အတိုချုပ်ပြောရရင် ကြာသပတေးနေ့ စီရင်ချက်နဲ့ အရင်အမှုတွေကြားက ကွာခြားချက်ဟာ တရားရုံးရဲ့ ချဉ်းကပ်ပုံ ပြောင်းသွားလို့ မဟုတ်ပါဘူး။ အမှုအချက်အလက်ချင်း မတူညီလို့ ဖြစ်ပါတယ်။

၄။ ဂျီနိုဆိုက်ကို တားဆီးရမဲ့ တာဝန်နဲ့ပတ်သက်ပြီး တရားရုံးက အရင်စီရင်ထုံးတွေကနေ သွေဖည်သွားပုံ ရပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဒီအမှုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေပါ ဂျီနိုဆိုက်မြောက်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ကျူးလွန်ခဲ့ကြပါတယ်။ ဒီအတွက် မြန်မာဟာ တားဆီးရမဲ့ တာဝန် ပျက်ကွက်ခဲ့သလား ဆိုတဲ့ မေးခွန်းရှိခဲ့ပါတယ်။ အဲဒီအရပ်သားတွေဟာ အစိုးရရဲ့ ထိရောက်တဲ့ ထိန်းချုပ်မှုအောက်ကနေ လုပ်ဆောင်ခဲ့တာလို့ တရားရုံးက သက်သေမပြနိုင်ပါဘူး။ ဒါကြောင့် သူတို့လုပ်ရပ်ကို မြန်မာအစိုးရလုပ်ရပ်အဖြစ် တိုက်ရိုက်သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ ဒါမျိုးမဖြစ်အောင် မြန်မာက ကြိုတင်တားဆီးခဲ့သင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ ဂျီနိုဆိုက် ဖြစ်နိုင်ခြေ အန္တရာယ်ကြီးမားနေမှန်း သိရုံနဲ့ နိုင်ငံတနိုင်ငံမှာ တတ်နိုင်သမျှ ကြိုတင်ကာကွယ်တားဆီးရမဲ့တာဝန် (due diligence) ရှိလာပါတယ်။ မြန်မာက အဲဒီတာဝန်ကို မကျေပွန်ခဲ့ဘူးလို့ တွေ့ရှိခဲ့တာပါ။

အဲဒီလို ကောက်ချက်ချပြီးနောက် တားဆီးရမဲ့ တာဝန်ရဲ့ သဘောသဘာဝကို တရားရုံးက ဆက်ဆွေးနွေးခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ "ဂျီနိုဆိုက် တားဆီးရမဲ့ တာဝန်ကို ချိုးဖောက်တဲ့အတွက် နိုင်ငံတကာတာဝန်ရှိမှုဟာ ဂျီနိုဆိုက် တကယ်ဖြစ်ပွားခဲ့ကြောင်း ဆုံးဖြတ်ချက်အပေါ် မူတည်မနေဘူး" လို့ ပြောလိုက်တာပါပဲ။ ဒါဟာ ဘော့စနီးယားအမှုကနေ သွေဖည်သွားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဂျီနိုဆိုက် တကယ်ကျူးလွန်ခဲ့မှသာ တားဆီးဖို့ တာဝန်ပျက်ကွက်မှုအတွက် နိုင်ငံတနိုင်ငံကို ပြစ်တင်ဆုံးဖြတ်နိုင်မယ်လို့ ICJ က ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ဂျီနိုဆိုက် အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ အခု မြန်မာအမှုမှာ ဒီအချက်ကို ထည့်ပြောစရာတောင် မလိုအပ်ခဲ့ပါဘူး။

တဖက်မှာတော့ နိုင်ငံတနိုင်ငံဟာ ဂျီနိုဆိုက် ဖြစ်နိုင်ခြေ အန္တရာယ်ကြီးမားမှန်း ပုံမှန်အားဖြင့် သိသင့်တဲ့အချိန်ကစပြီး တားဆီးရမဲ့တာဝန် ရှိလာပါတယ်။ ဒါက တရားရုံးရဲ့ စီရင်ထုံးမှာ အရင်ကတည်းက ရှိပြီးသားဖြစ်ပြီး ကြာသပတေးနေ့ စီရင်ချက်က ထပ်မံအတည်ပြုလိုက်တာပါ။ တခြားတဖက်မှာတော့ တရားရုံးက အခု တံခါးဖွင့်ပေးလိုက်ပါပြီ။ ဂျီနိုဆိုက် အန္တရာယ်က တကယ်ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ အရေးယူတားဆီးဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေကို နိုင်ငံတကာ တာဝန်ရှိကြောင်း အရေးယူနိုင်တော့မှာပါ။ ဒါဟာ အကျိုးဆက်တွေ အများကြီး ရှိလာနိုင်ပါတယ်။ အစုလိုက်အပြုံလိုက် ရက်စက်မှုတွေ ဖြစ်လာရင် ဥပဒေအရ ဂျီနိုဆိုက် မြောက်၊ မမြောက် မသေချာသေးရင်တောင် နိုင်ငံတွေ ဝင်တုံ့ပြန်ဖို့ ဖိအားပိုများလာမှာပါ။ ဒါပေမဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးဆိုရင် တားဆီးရမဲ့တာဝန် ကျေပွန်တယ်လို့ သတ်မှတ်မလဲ ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ ဒီရပ်တည်ချက်ဟာ ICJ မှာ လက်ရှိစစ်ဆေးနေတဲ့ နီကာရာဂွါနဲ့ ဂျာမနီအမှုအပေါ်မှာလည်း သက်ရောက်မှု ရှိလာမှာပါ။ ဂျာမနီမှာ တာဝန်ရှိ၊ မရှိဟာ ဂါဇာအခြေအနေ ဂျီနိုဆိုက် မြောက်၊ မမြောက်အပေါ် မဖြစ်မနေ မူတည်နေတော့မှာ မဟုတ်ပါဘူး။ အစ္စရေးက အဲဒီအမှုမှာ ပါဝင်သူမဟုတ်တဲ့အတွက် အမှုပယ်ချခံရနိုင်ခြေလည်း လျော့နည်းသွားပုံ ရပါတယ်။

ဂျီနိုဆိုက် တားဆီးရမဲ့ တာဝန်ဟာ တရားသူကြီးတွေကြားမှာလည်း သဘောထားကွဲလွဲခဲ့တဲ့ နောက်ထပ်အချက်တခုပါ။ တရားသူကြီး တွမ်ကာက သံသယရှိနေချိန်မှာ တရားသူကြီး ကလိဗ်လန်းနဲ့ အထူးတရားသူကြီး ခရက်စ်တို့က ထောက်ခံခဲ့ကြပါတယ်။ ICJ ချမှတ်လိုက်တဲ့ စည်းမျဉ်းအသစ်ဟာ စာချုပ်ရဲ့ ရည်ရွယ်ချက်နဲ့ ပိုကိုက်ညီနေနိုင်ပါတယ်။ ဒါပေမဲ့ အရင်အစဉ်အလာကနေ ဘာကြောင့် သွေဖည်ခဲ့ရသလဲဆိုတာ စီရင်ချက်ထဲမှာ လုံလုံလောက်လောက် ရှင်းပြထားရဲ့လားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

၅။ ဂမ်ဘီယာဟာ ကိုယ်တိုင်ထိခိုက်နစ်နာသူ မဟုတ်ပေမဲ့ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားအတွက် ပြန်လည်ကုစားပေးမှု (လျော်ကြေးနဲ့ ပြန်လည်ထူထောင်မှု) တောင်းဆိုခွင့်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က စာချုပ်ကို လိုက်နာစေရေးအတွက် ဘယ်လောက်အရေးပါလဲ။ ရိုဟင်ဂျာတွေ တကယ်ပဲ ကုစားမှုရနိုင်မဲ့ အလားအလာအတွက်ရော ဘာအဓိပ္ပာယ် ဆောင်ပါသလဲ။

ဂမ်ဘီယာလို တိုက်ရိုက်မနစ်နာတဲ့ နိုင်ငံဟာ တိုက်ရိုက်ထိခိုက်ခံရတဲ့ နိုင်ငံနဲ့ အနေအထားချင်း မတူပါဘူး။ ကိုယ်ပိုင်အကျိုးအတွက် လျော်ကြေးတောင်းခွင့် မရှိဘူးလို့ ICJ က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါပေမဲ့ ချိုးဖောက်ခံရတဲ့ တာဝန်ဝတ္တရားရဲ့ အကျိုးခံစားခွင့်ရှိသူတွေက ရိုဟင်ဂျာလူမျိုးစု ဖြစ်ပါတယ်။ သူတို့ကိုယ်စား ပြန်လည်ကုစားပေးဖို့ တောင်းဆိုတာကိုတော့ တားမြစ်ထားတာ မရှိပါဘူး။

စီရင်ချက်ထဲမှာ ကုစားပေးရမဲ့ နည်းလမ်းအမျိုးမျိုး ပါဝင်ပါတယ်။ မြန်မာအနေနဲ့ စာချုပ်ပါ တာဝန်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ်လို့ ဆိုပါတယ်။ မူလအခြေအနေ ပြန်လည်ထူထောင်ပေးရေးအတွက် ပျောက်ဆုံးပျက်စီးသွားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့ ဒါမှမဟုတ် အစားထိုးပေးဖို့နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကူညီပေးဖို့ ညွှန်ကြားထားပါတယ်။ အရေးအကြီးဆုံးက နေရပ်စွန့်ခွာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို “ဘေးကင်းလုံခြုံပြီး၊ မိမိသဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ” ပြန်လာနိုင်အောင် စီစဉ်ပေးဖို့ပါ။ ထူးခြားတာက ရိုဟင်ဂျာအားလုံးကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်လို့အထိတော့ တရားရုံးက တိုက်ရိုက်မညွှန်ကြားခဲ့ပါဘူး။ ဒါပေမဲ့ နောင်ထပ်မဖြစ်စေဖို့ အာမခံချက်အနေနဲ့ မြန်မာနိုင်ငံသားဥပဒေကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် တရားရုံးက သေချာပေါက် ကြိုဆိုမှာ ဖြစ်ပါတယ်။

တိုက်ရိုက်မနစ်နာတဲ့ နိုင်ငံတခုက စွဲဆိုတဲ့ ICJ အမှုမှာ တခြားကုစားမှုတွေအပြင် လျော်ကြေးကိုပါ တောင်းဆိုတာ ဒါ ပထမဆုံးအမှုပါ။ လျော်ကြေးပမာဏနဲ့ ပေးဆောင်ရမဲ့ပုံစံကိုတော့ နောက်ပိုင်းမှ ဆုံးဖြတ်မယ်လို့ တရားရုံးက ဆိုပါတယ်။ မူလအခြေအနေ ပြန်လည်ထူထောင်ပေးမှု ဘယ်လောက်အောင်မြင်လဲဆိုတဲ့အပေါ် တစိတ်တပိုင်း မူတည်နေလို့ပါ။ ဒါကြောင့် မြန်မာကို နှစ်နှစ်အတွင်း တရားရုံးဆီ ပြန်အစီရင်ခံဖို့ ညွှန်ကြားထားပါတယ်။ အဲဒီနောက်မှ လျော်ကြေးအတွက် ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်သွားမှာပါ။ လက်တွေ့မှာတော့ ရိုဟင်ဂျာတွေဟာ လျော်ကြေးဆုံးဖြတ်ချက်ရဖို့ နောက်ထပ် သုံးနှစ်ကနေ လေးနှစ်လောက် ထပ်စောင့်ရဦးမဲ့ သဘောပါပဲ။

တရားသူကြီးတချို့ကတော့ တရားရုံးရဲ့ ဒီချဉ်းကပ်ပုံအပေါ် စိုးရိမ်ချက်တွေ ထုတ်ဖော်ခဲ့ကြပါတယ်။ တရားရုံးဥက္ကဋ္ဌ အီဝါဆာဝါနဲ့ တရားသူကြီး အော်ရက်စကူးတို့က ဂမ်ဘီယာမှာ ရိုဟင်ဂျာတွေရဲ့ ဆုံးရှုံးမှုကို သီးခြားတွက်ချက်နိုင်မဲ့ အခြေခံမရှိဘူးလို့ ထောက်ပြပါတယ်။ ဘယ်လောက် လျော်ကြေးက သင့်တော်မလဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။

နောင်လာမဲ့အဆင့်မှာ တရားရုံးက စဉ်းစားနိုင်ဖို့ ဂမ်ဘီယာက ထပ်ဆောင်းသုတေသနတွေ လုပ်နိုင်ပါတယ်။ ဂမ်ဘီယာအနေနဲ့ သုတေသနတွေ ထပ်လုပ်ပြီး ခိုင်လုံတဲ့ လျော်ကြေး အဆိုပြုချက်တခု မတင်ပြနိုင်စရာ အကြောင်းမရှိပါဘူး။ တရားရုံးဘက်ကလည်း ICJ သဘောတူစာချုပ်ပါ လုပ်ပိုင်ခွင့်ကို သုံးပြီး သင့်တော်တဲ့ လျော်ကြေးပမာဏ သတ်မှတ်ဖို့ ကျွမ်းကျင်သူတွေရဲ့ အကူအညီ ယူသင့်၊ မယူသင့် စဉ်းစားနိုင်ပါတယ်။ (ကွန်ဂိုနဲ့ ယူဂန်ဒါအမှုမှာ မကြာသေးခင်က အဲဒီလိုလုပ်ကြည့်ခဲ့ဖူးပါတယ်။ အဲဒီအတွေ့အကြုံကြောင့် တရားရုံးက ဒီနည်းလမ်းအပေါ် သိပ်စိတ်အားမထက်သန်တော့တာမျိုးတော့ ဖြစ်နိုင်ပါတယ်။) ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အခြေအနေသစ်တခုပါ။ တိုက်ရိုက်မနစ်နာတဲ့ နိုင်ငံတွေ စွဲတဲ့အမှုမှာ လျော်ကြေးကိစ္စကို ဘယ်လိုအကောင်းဆုံး ကိုင်တွယ်မလဲ။ ဒီအချက်ကို ထပ်စဉ်းစားဖို့ လိုနေသေးကြောင်း စီရင်ချက်က မီးမောင်းထိုးပြလိုက်ပါတယ်။

ဒါပေမဲ့ အထက်မှာပြောခဲ့တာတွေ အားလုံးဟာ လက်တွေ့နိုင်ငံရေး အခြေအနေတွေနဲ့ မြန်မြန်ဆန်ဆန်ပဲ ထိပ်တိုက်တွေ့ရမှာပါ။ မြန်မာနိုင်ငံဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေထဲ နစ်မွန်းနေပြီး ရခိုင်ပြည်နယ် အများစုကိုလည်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါပြီ။ အဲဒီလက်နက်ကိုင်အဖွဲ့ ကိုယ်တိုင်ကလည်း ရိုဟင်ဂျာတွေအပေါ် ရန်လိုမှုတွေ ရှိနေနိုင်ပါတယ်။ ဒါ့အပြင် ၂၀၂၁ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်တွေဟာ ၂၀၁၇ ဂျီနိုဆိုက်ကို ကြီးကြပ်ခဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဆန္ဒအလျောက် စီရင်ချက်ကို လိုက်နာမဲ့ အရိပ်အယောင် မရှိသလောက်ပါပဲ။ အတိုချုပ်ပြောရရင် မြန်မာပြည်ရဲ့ မြေပြင်အခြေအနေဟာ ICJ အမိန့်ချထားတဲ့ ကုစားမှုတွေကို မကြာခင် အကောင်အထည်ဖော်နိုင်မဲ့ အနေအထား မရှိပါဘူး။ ဒီတော့ အခုအချိန်မှာ တခြားနိုင်ငံတွေမှာ တာဝန်ရှိလာပါပြီ။ ICJ စီရင်ချက်ကို အသုံးချပြီး မြန်မာကို လမ်းကြောင်းပြောင်းအောင် ဖိအားပိုပေးဖို့နဲ့ တခြားတာဝန်ခံမှုရှိစေမဲ့ နည်းလမ်းတွေကို ပံ့ပိုးပေးဖို့ပဲ ဖြစ်ပါတယ်။

ဂျာနာထရပ်

Ref: Verfassungsblog

(Verfassungsblog မှာဖော်ပြထားသည့် “Spotlight Section: The Gambia v. Myanmar “The Court Has Now Opened the Door” Five Questions to Michael A. Becker” အမေးအဖြေကို ဘာသာပြန်ဆိုဖော်ပြသည်။ Trinity College Dublin နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေဆိုင်ရာ လက်ထောက်ပါမောက္ခ မိုက်ကယ်အေဘက်ကာကို Verfassungsblog လုံခြုံရေးဥပဒေနှင့် ရာဇဝတ်ဥပဒေကဏ္ဍ အယ်ဒီတာ ဂျာနာထရပ်က ဆွေးနွေးမေးမြန်းထားခြင်းဖြစ်သည်။ Verfassungsblog သည် ပညာရပ်နယ်ပယ်နှင့် လူမှုအဖွဲ့အစည်းအကြား ဆက်စပ်နေသော နိုင်ငံတကာဆွေးနွေးပွဲစင်မြင့်တခု ဖြစ်ပါသည်။ ပြည်သူ့ဥပဒေဆိုင်ရာ လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် မကြာသေးမီက ဖြစ်ထွန်းမှုများ အပေါ် ဆွေးနွေးငြင်းခုံမှုများကို ဖွင့်လှစ်ပေးထားပါသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013