မြန်မာနိုင်ငံသား ၆,၈၀၀ ကျော်ကို မလေးရှားက ထပ်မံပြန်ပို့မည်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် သမိုင်းဝင်ဆုံးဖြတ်ချက် ချမှတ်ထားပေမဲ့ မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံနေမှုကို ကာကွယ်ပြောဆိုလိုက်ပြီး လာမဲ့ ဒီဇင်ဘာလထဲ မြန်မာနိုင်ငံသား နောက်ထပ် ၆,၈၀၃ ယောက်ကို နေရပ်ပြန်ပို့သွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြစ်ရှိတယ်လို့ နိုဝင်ဘာ ၁၉ ရက်က ဆုံးဖြတ်ခဲ့တာပါ။
ဝန်ကြီးချုပ် အန်ဝါကတော့ မလေးရှားအနေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေဖို့ နေပြည်တော်နဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား တိုင်းရင်းသား လူနည်းစုဝင်တွေ အပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ နီးပါး မလေးရှားနိုင်ငံမှာ ခိုလှုံနေကြပါတယ်။
သူတို့ကို တတိယနိုင်ငံတွေမှာ ပြန်လည်နေရာချထားပေးဖို့ ကြိုးပမ်းမှုတွေဟာ မအောင်မြင်ခဲ့ဘဲ မလေးရှားအနေနဲ့ ဒီဝန်ထုပ်ဝန်ပိုးကို အကန့်အသတ်မရှိ ဆက်လက်ထမ်းပိုးထားဖို့ မဖြစ်နိုင်တော့ဘူးလို့ အန်ဝါက ဆိုပါတယ်။
ပြီးခဲ့တဲ့လက ကွာလာလမ်ပူမြို့ကို လာရောက်ခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုတွေဟာ ကာလရှည်ကြာ ဖြစ်ပေါ်နေတဲ့ ဒီပြဿနာအတွက် တိုးတက်မှုတွေ ရရှိစေခဲ့တယ်လို့ သူက ပြောပါတယ်။
လာမဲ့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ မြန်မာရေတပ်သင်္ဘော ၃ စင်းနဲ့ လူ ၁,၅၀၀ ကို ပြန်ပို့မှာဖြစ်ပြီး ကျန်တဲ့ ၅,၃၀၃ ယောက်ကိုတော့ လာမဲ့လ တလလုံးအတွင်း လေကြောင်းခရီးစဉ်တွေနဲ့ ပြန်ပို့သွားမှာဖြစ်ကာ ကုန်ကျစရိတ်အားလုံးကို မြန်မာဘက်က ကျခံမယ်လို့ အန်ဝါက ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်က မြန်မာစစ်သင်္ဘောနဲ့ ပြန်ပို့ခဲ့တဲ့ ၁,၄၇၆ ယောက် အပါအဝင် ဒီနှစ်အတွင်း မြန်မာနိုင်ငံသား စုစုပေါင်း ၁၀,၄၇၆ ယောက ကို နေရပ်ပြန်ပို့ပြီးပြီလို့လည်း သူက ဆိုပါတယ်။
ပြန်ပို့ခံရသူတွေအတွက် “ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်မှု” ဖြစ်စေဖို့ မလေးရှားဘက်က အာမခံချက် ရယူထားပြီး ဖြစ်တယ်လို့ အန်ဝါက ပြောပါတယ်။
“မလေးရှား ထောက်လှမ်းရေးအဖွဲ့ရဲ့ စောင့်ကြည့်လေ့လာချက်တွေအရ အခုချိန်ထိ ပြန်ပို့လိုက်တဲ့ လူ ၁၀,၄၇၆ ဦးထဲက ဘယ်သူတဦးတယောက်မှ ဖိအားပေးခံရတာမျိုး မရှိသေးပါဘူး” လို့ ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
မြန်မာဘက်နဲ့ အခုလို ထိတွေ့ဆက်ဆံနေပေမဲ့ ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ကာလရှည် အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်အပေါ် မလေးရှားက ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ အန်ဝါက ပြောပါတယ်။
မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ မလေးရှားရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်သလို ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာသူတွေအတွက် “ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်မှုကို အာမခံပေးဖို့” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်နဲ့လည်း ကိုက်ညီတယ်လို့ အန်ဝါက ပြောပါတယ်။
မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာဟာ မြန်မာစစ်အာဏာရှင်အစိုးရကို တရားဝင်မှုပေးသလို ဖြစ်စေနိုင်ပြီး ပြည်တွင်းစစ် ဖြစ်ပွားနေချိန်မှာ ပြန်ပို့ခံရသူတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေတဲ့ကြားကပဲ မလေးရှားက စစ်အာဏာရှင် မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့လက ဖိတ်ခေါ်ပြီး လက်ခံတွေ့ဆုံခဲ့ပါတယ်။
“မြန်မာသမ္မတကို မလေးရှားကို ဖိတ်ခေါ်ခဲ့တာက ပြဿနာဖြေရှင်းဖို့ အထောက်အကူ ဖြစ်ခဲ့သလားဆိုရင် အဖြေကတော့ ဟုတ်ပါတယ်” လို့ သူက လွှတ်တော်မှာ ပြောကြားခဲ့ပြီး ပြန်ပို့လိုက်သူ ဘယ်သူ့ကိုမဆို အန္တရာယ်မပြုပါဘူးလို့ မြန်မာအာဏာပိုင်တွေဘက်က အာမခံချက် ပေးထားကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပြန်ပို့ခံရသူတွေကို အန္တရာယ်မပြုပါဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောနေပေမဲ့ ပြန်ပို့ခံရသူတွေထဲက ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ရက်အတန်ကြာ ထိန်းသိမ်းခဲ့ပြီးမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ တူရကီဘက်က အဆင်သင့်မဖြစ်သေးဘူးလို့လည်း အန်ဝါက ပြောပါတယ်။
လက်ရှိ မလေးရှားမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ၁၀,၀၀၀ ဝန်းကျင်ကို လက်ခံသွားမယ်ဆိုတဲ့ သတင်းကို တူရကီဘက်က ငြင်းဆိုခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့ မလေးရှားရဲ့ တောင်းဆိုချက်ကို စဉ်းစားပေးဖို့ တူရကီဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ အန်ဝါက ပြောကြားလိုက်တာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ ဩဂုတ်လအထိ မလေးရှားနိုင်ငံမှာ UNHCR နဲ့ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့် တောင်းခံသူပေါင်း ၂၂၅,၇၄၀ ယောက်ရှိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းဝန်းကျင်ဟာ မြန်မာနိုင်ငံက ဖြစ်ပါတယ်။
Source: AP/ Reuters











