မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး အတူပူးပေါင်းလုပ်မည်ဟု ရိုဟင်ဂျာအရေးလှုပ်ရှားသူများ ပြော

စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ ကြိုးပမ်းသွားဖို့ လိုအပ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ICJ က မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ပေမဲ့ အဲဒီစီရင်ချက်ပါ တရားမျှတမှုဖော်ဆောင်ရေးနဲ့ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးဆိုင်ရာ အချက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုရဲ့ အာဏာလွှမ်းမိုးမှု ဆက်လက်ရှိနေတဲ့အတွက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အတူတကွ ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း ပြောဆိုနေကြပါတယ်။
ရိုဟင်ဂျာတွေနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပြီး လူမျိုးဘာသာမခွဲခြားဘဲ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတရပ် တည်ဆောက်နိုင်ဖို့ လက်တွေ့လုပ်ဆောင်မှုတွေ အရှိန်မြှင့်ဖို့ လိုအပ်တယ်လို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ဒါရိုက်တာ ဦးထွန်းခင်က DVB နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
“ဂမ်ဘီယာနဲ့အတူတူ လိုက်လာတဲ့ နိုင်ငံ ၁၁ နိုင်ငံက European country တွေ ဖြစ်တယ်။ ဒီနိုင်ငံတွေအားလုံးက အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို Sanction တွေ အရင်တုန်းကလည်း ချခဲ့တယ်၊ အသိအမှတ်လည်း မပြုဘူး။ အဲဒီအတွက်ကြောင့် ဒီအကြမ်းဖက်စစ်တပ် အတွက်ကတော့ ဒီမှာအရေးယူမှုက ပိုပြီး ကျယ်ပြန့်လာမယ်၊ ပိုပြီး ကြီးလာမယ်။ ကျနော်တို့ကတော့ ဒီနေရာမှာ အားသွန်ခွန်စိုက် တောက်လျှောက် ကျနော်တို့ ရိုဟင်ဂျာတွေလည်း လုပ်မယ်။ တဖက်မှာ ကျနော်တို့နိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေလည်း ပူးပေါင်းပြီး ကျနော်တို့အနေနဲ့ လုပ်ဖို့လိုအပ်တယ်။ ဒါတွေကို ကျနော်တို့ ဒီအချိန်မှာ အားသွန်ခွန်စိုက်လုပ်လာမယ် ဆိုရင်တော့ ကျနော်တို့လိုလားနေတဲ့ အားလုံးပါဝင်တဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု သိပ်တော့ မဝေးဘူးလို့ ကျနော် ပြောချင်တယ်။ ဒါပေမဲ့ အလုပ်တော့ တော်တော်လုပ်ဖို့လိုမယ် ကျနော်တို့က။”
ရိုဟင်ဂျာတွေအနေနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြသလို ဆက်လက်လည်း ပူးပေါင်းသွားဖို့ ဆန္ဒရှိနေကြပေမဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေအပေါ် အာမခံပေးဖို့ဆိုတဲ့ အချက်ပေါ်ကိုတော့ လိုလားတောင့်တနေကြပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုသင်းသင်းလှိုင်က “ရိုဟင်ဂျာအင်အားစုတွေနဲ့ အခြားတော်လှန်ရေး အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံပါတယ်။ ကျမကိုယ်တိုင်လည်း ၂၀၂၁ ခုနှစ်ကတည်းက တော်လှန်ရေးမှာ ပါဝင်ခဲ့သူတယောက်ပါ။ ကျမအမြင်အရ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ လူမျိုးပေါင်းစုံရဲ့ အင်အားနဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ ဒါပေမဲ့ ပူးပေါင်းရေးဆိုတာ အတူတူ ရန်သူကို ဆန့်ကျင်ရုံနဲ့ မပြီးပါဘူး။ တော်လှန်ရေး အောင်မြင်ပြီးနောက် ဘယ်လိုနိုင်ငံမျိုးကို အတူတကွ တည်ဆောက်ကြမလဲ ဆိုတာပါ အရေးကြီးပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ လူမျိုးအမှတ်သညာ၊ နိုင်ငံသားအခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ နိုင်ငံရေးပါဝင်ခွင့်တွေကို ဘယ်လို အာမခံပေးမလဲဆိုတာ ပူးပေါင်းမဲ့ အင်အားစုတွေအနေနဲ့ ရှင်းလင်းတဲ့ သဘောတူညီချက်တွေရှိဖို့ လိုပါတယ်။ အဲဒီအာမခံချက်တွေဟာ နှုတ်ကတိသက်သက် မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ သဘောတူညီချက်တွေ ဖြစ်ရပါမယ်” လို့ ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ နောက်ဆက်တွဲအမိန့်တွေကို ဆက်လက်လေ့လာသုံးသပ်ပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် ရခိုင်ပြည်မှာရှိတဲ့ သက်ဆိုင်တဲ့သူအားလုံး၊ နိုင်ငံတကာအသိုက်အဝန်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု၊ တာဝန်ခံမှုနဲ့ အဖြေရှာရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။
ဒါ့အပြင် လူမှုအသိုက်အဝန်းအားလုံးရဲ့ လူ့ဂုဏ်သိက္ခာ၊ အခြေခံအခွင့်အရေးနဲ့ တန်းတူရည်တူ ရပ်တည်ခွင့်ရှိတဲ့ အနာဂတ်တရပ် တည်ဆောက်ရေးက အားလုံးရဲ့ ပူးတွဲတာဝန်ဖြစ်တယ်လို့ နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။











