ရွှေဘိုက စစ်ဘေးရှောင်များ လေဖြတ်ရောဂါ ဖြစ်ပွားမှုများလာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာနဲ့ ချီပါမြောက်ရွာက ပြည်သူတွေဟာ ၂ လနီးပါး စစ်ရှောင်နေရပြီး စစ်ရှောင်ချိန်ကစလို့ ဘုရားကျောင်းကန်တွေနဲ့ လမ်းဘေးတောတွေမှာ ဖြစ်သလို နေထိုင်ရတာကြောင့် အအေးမိဖျားနာပြီး လေဖြတ်ရောဂါ ဖြစ်ပွားမှုတွေ များလာကာ စစ်ရှောင် ၂ ဦး သေဆုံးသွားတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ချီပါတောင်ရွာက အသက် ၉၀ အရွယ် အဘွားတယောက်နဲ့ ချီပါမြောက်ရွာက အသက် ၄၀ လောက်အရွယ် အမျိုးသားတယောက်တို့ဟာ အအေးမိဖျားနာ လေဖြတ်ရောဂါ ဖြစ်ပွားပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၂ ဦးအပါအဝင် အောက်တိုဘာလအတွင်းကလည်း ချီပါတောင်ရွာက အသက် ၈၀ လောက် အရွယ် စစ်ရှောင်အဘွားအိုတယောက် လေဖြတ်ရောဂါနဲ့ သေဆုံးခဲ့တာကြောင့် လေဖြတ်မှုကြောင့် သေဆုံးသူ ၃ ယောက် အထိ ရှိလာတာလို့ ဒေသခံက ပြောပါတယ်။
စစ်ရှောင်တယောက်က “စစ်ရှောင်ရတာ ရက်ကကြာ၊ နေရတာက တမံတလင်းပေါ်၊ တချို့ဆိုရင် လမ်းဘေး မိုးမလုံလေမလုံနဲ့ဆိုတော့ အအေးပတ်ဖျားနာ လေဖြတ်မှုတွေ ဖြစ်ကြတာပေါ့။ ဖြစ်တာကတော့ အသက်ကြီးပိုင်းတွေ အဖြစ်များပါတယ်။ ရွာကလည်း ပြန်လို့မရ၊ ဝင်လို့မရ၊ စစ်ရှောင်ဆိုတော့လည်း ဘာမှ ပြည့်ပြည့်စုံစုံမပါ၊ အလုပ်မရှိ အကိုင်မရှိနဲ့ စားဖို့ကိုက မလွယ်ပါဘူး။ သူများဆီမှာ ဖြစ်သလို နေရအိပ်ရတာဆိုတော့ နေမကောင်းဖျားနာမှုတွေ ပိုဖြစ်နေပါတယ်။ အခုဆို နေမကောင်း လေဖြတ်လို့ ဆုံးတာ ၃ ယောက်ရှိပြီ' လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်က ရွှေဘိုမြို့အနောက်ဘက်ရှိ အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ ချီပါမျိုးသန့်စိုက်ခြံတို့ကို တပ်ဖြန့်နေရာယူ အထိုင်ချတပ်စွဲထားဆဲ ဖြစ်ပါတယ်။
အဲဒီအတွက် အိုးဖို၊ ကင်းဗျား၊ ချီပါတောင်နဲ့ ချီပါမြောက်ရွာတွေက ထောင်ချီတဲ့ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတဲတွေမှာ တိမ်းရှောင်နေရပြီး အအေးပတ်ဖျားနာမှုတွေ အဖြစ်များကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အိုးဖို၊ ကင်းဗျား၊ ချီပါတောင်နဲ့ ချီပါမြောက်ရွာတွေက ပြည်သူတွေဟာ စစ်ရှောင်နေရတာ ၂ လနီးပါး ရှိနေပြီး စစ်ရှောင်ချိန်ကစလို့ အဝတ်အထည်နဲ့ စောင်တွေ အနည်းငယ်သာ ယူဆောင်လာနိုင်ခဲ့ပြီး ဘုရားကျောင်းကန်တွေရဲ့ တမံတလင်းတွေပေါ်နဲ့ လမ်းဘေးတောတွေမှာ တဲထိုးကာ လေဟာပြင်ထဲ နေထိုင်ရတာကြောင့် အအေးမိဖျားနာပြီး လေဖြတ်ရောဂါတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။











