DVB Logo
Home
နိုင်ငံတကာ
ဒီအာရ်ကွန်ဂို၌ ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ခံရသဖြင့် အီဘိုလာတိုက်ဖျက်ရေး ထိခိုက်
DVB
·
November 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ လူ ၅,၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ အီဘိုလာရောဂါ ထိန်းချုပ်ရေးမှာ ကျန်းမာရေးဝန်ထမ်းနဲ့ စင်တာတွေ တိုက်ခိုက်ခံရမှုက အကြီးမားဆုံး အဟန့်အတား ဖြစ်လာနေတယ်လို့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (Africa CDC) က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

အခုချိန်ထိ လက်နက်ကိုင်တိုက်ခိုက်မှု ၄ ကြိမ်၊ တုံ့ပြန်ရေးလုပ်သားတွေအပေါ် တိုက်ခိုက်မှု ၁၆ ကြိမ်နဲ့ စင်တာ ၁၁ ခု မီးရှို့ဖျက်ဆီးတာ ဒါမှမဟုတ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ Africa CDC အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝက်စ်ဆမ် မန်ကူလာက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စက်တင်ဘာ နှောင်းပိုင်းကစပြီး တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာပါတယ်။ အထူးသဖြင့် နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်က မြောက်ကီဗူးဒေသ၊ ကန်တင်း-အလိုယာမှာ IS နဲ့ ဆက်နွှယ်တဲ့ ADF လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၃ ယောက် အပါအဝင် အရပ်သား ၆၆ ယောက် သေဆုံးပြီး ကျန်းမာရေးစင်တာ ၃ ခု လုယက် မီးရှို့ခံခဲ့ရပါတယ်။

စောင့်ကြည့်ရေးအဖွဲ့တွေ ဆက်မလိုက်နိုင်တော့လို့ ရောဂါထိတွေ့သူ ၁,၀၀၀ ကျော်နဲ့ အဆက်အသွယ် ပြတ်သွားသလို မီးရှို့ခံရတဲ့ အီဘိုလာကုသရေးစင်တာတွေကနေ ထွက်ပြေးသွားတဲ့ အတည်ပြုလူနာ ၃ ယောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ရောဂါထိန်းချုပ်ရေးက ဗိုင်းရပ်စ်နောက်မှာ နောက်ကျကျန်နေရလို့ မြေပြင်ဝန်ထမ်းတွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး စင်္ကြံလမ်းတွေ ဖန်တီးပေးဖို့ ဒေါက်တာ မန်ကူလာက တိုက်တွန်းပါတယ်။

ကွန်ဂိုမှာ အီဘိုလာဖြစ်ပွားတာ ၆ လ ကြာပြီဖြစ်ပေမဲ့ ရောဂါကူးစက်သူတွေ စာရင်းလွတ်နေတာ၊ တချို့ဆေးရုံတွေမှာ ကူးစက်မှုများပြီး ဗိုင်းရပ်စ် ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာတွေ ရှိတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဝေဖန်အပြီး နာရီပိုင်းအကြာမှာ အခုလို ထုတ်ပြန်လာတာပါ။

ဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး WHO ကတော့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂယ်ဘရီယေးဆပ်စ် အင်္ဂါနေ့က ပြောခဲ့သလို ဝန်ထမ်းလစာ ကြန့်ကြာတာတွေ ရှိခဲ့တာကို ဝန်ခံခဲ့ပါတယ်။

ကွန်ဂိုအာဏာပိုင်တွေ၊ Africa CDC တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပေမဲ့ လုံခြုံရေး မတည်ငြိမ်မှုနဲ့ စင်တာတွေ တိုက်ခိုက်ခံရမှုက ရောဂါထိန်းချုပ်ရေးမှာ အကြီးမားဆုံး အတားအဆီး ဖြစ်နေတယ်လို့ WHO က သတိပေးပါတယ်။

ကွန်ဂိုအစိုးရ စာရင်းတွေအရ မေ ၁၅ ရက်ကတည်းက စတင်ခဲ့တဲ့ ဒီကပ်ရောဂါကြောင့် လူပေါင်း ၁၁,၁၁၄ ယောက် ကူးစက်ခံရပြီး ၅,၄၃၃ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013