
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မြောက်ကီဗူးပြည်နယ်ထဲက ကန်တန်း-အလိုယာဒေသမှာ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်ညပိုင်းတုန်းက အိုင်အက်စ် (IS) အဖွဲ့နဲ့ လက်တွဲထားတဲ့ အလိုက်ဒ် ဒီမိုကရက်တစ်ဖော့ဆစ် (ADF) စစ်သွေးကြွအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအနည်းဆုံး ၃၃ ယောက် သေဆုံးသွားခဲ့ပြီး နေအိမ်တွေ၊ ကျန်းမာရေးစင်တာတခုနဲ့ အဆောက်အအုံတွေကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြတာကြောင့် ဒေသခံတွေ အကုန်လုံး ထွက်ပြေးခဲ့ရ ပါတယ်။
သောကြာနေ့ နေ့လယ်ဘက်မှာ ဒေသခံတွေ ပြန်လာကြည့်ကြချိန်မှာ သူတို့ရဲ့ နေအိမ်တွေ၊ ဆိုင်ခန်း တွေနဲ့ ဆေးခန်းတွေအားလုံး ပျက်စီးကုန်တာကို တွေ့ခဲ့ရပါတယ်။
အလောင်း အနည်းဆုံး ၃၀ လောက် ပြန်တွေ့ထားရပြီး၊ အများစုက သေနတ်ဒဏ်ရာတွေနဲ့၊ တချို့က မီးရှို့ခံထားရသလို ဓားနဲ့ခုတ်သတ်ခံထားရတာတွေကိုလည်း တွေ့ခဲ့ရတယ်လို့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တက်ချဲ အလီယာမီနီက ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ အိမ်ထဲက ထွက်လာတဲ့သူတွေကို သေနတ်နဲ့ ပစ်သတ်သလို၊ အိမ်ထဲမှာ ရှိနေတဲ့သူတွေကိုပါ မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံ ကာသမ်ဘို မာဟမ်ဘာ ဂျိုးနားစ်က ပြောပါတယ်။
အခုလို အခြေအနေမှာ မိုးကလည်း သည်းထန်စွာ ရွာနေတာကြောင့် စစ်ရေးအရ လှုပ်ရှားဖို့နဲ့ စုံစမ်းစစ်ဆေးဖို့တွေအတွက် တော်တော်လေး ခက်ခဲနေတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ကယ်လာကယ်လာ ဆေးရုံစင်တာမှာ ကုသမှုခံယူနေတဲ့ အီဘိုလာ ရောဂါကုသရေး လုပ်ငန်းတွေပါ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။
သန်းခေါင်ယံအချိန်မှာ ပစ်ခတ်သံတွေ ထွက်လာချိန်မှာ လူနာတွေ အကုန်ထွက်ပြေးကုန်ကြတာပါ။
ထွက်ပြေးသွားသူတွေထဲမှာ အီဘိုလာရောဂါပိုး အတည်ပြုထားသူ တယောက်နဲ့ ရောဂါကူးစက် ခံရနိုင်ခြေ အလွန်မြင့်မားသူ ၃ ယောက် အပါအဝင် ရောဂါသံသယရှိသူ ၅ ယောက် ပါသွားတယ်လို့ ဆေးရုံဒါရိုက်တာ ဒေါက်တာ ကာကူးလဲ ဗူးလန်းဘဲရား ခရစ်ရှန်က ပြောပါတယ်။
"ရောဂါပိုး အတည်ပြုထားပြီး အန္တရာယ်အဆင့် မြင့်မားတဲ့ လူနာတွေက လူထုကြားထဲ ရောက်ကုန်တာကြောင့် ဒါက လူအများအပြားဆီကို ရောဂါပိုး ထပ်ပြီးကူးစက်ပျံ့နှံ့စေနိုင်တယ်။”
ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅,၀၀၀ ကျော် ရှိနေတဲ့အထဲမှာ တဝက်လောက်က အခုတိုက်ခိုက်မှုဖြစ်ပွားနေတဲ့ မြောက်ကီဗူးပြည်နယ်က ဖြစ်နေတာကြောင့် အခြေအနေက ပိုပြီးစိုးရိမ်စရာ ကောင်းနေတာပါ။
ယူဂန္ဓာနိုင်ငံကနေ စတင်ပေါက်ဖွားလာပြီး အိုင်အက်စ်အဖွဲ့ရဲ့ လက်အောက်ခံအဖြစ် အသိအမှတ် ပြုခံထားရတဲ့ ADF စစ်သွေးကြွအဖွဲ့ဟာ ကွန်ဂိုအရှေ့ပိုင်းက အရပ်သားတွေကို မကြာခဏဆိုသလို တိုက်ခိုက်လေ့ ရှိပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာမှာကို ကြောက်ကြတာကြောင့် ကန်တန်း-အလိုယာ ဒေသခံ အများအပြားဟာ အနီးအနားက တခြားဒေသတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
Source: Reuters











