
နိုင်ဂျီးရီးယားနိုင်ငံမှာ အီဘိုလာရောဂါပိုး ကူးစက်ခံထားရတယ်လို့ အတည်ပြုထားတဲ့ တယောက်တည်းသော လူနာနဲ့ ထိတွေ့ဆက်ဆံခဲ့သူ ၅၃ ယောက်ကို တာဝန်ရှိသူတွေက စောင့်ကြည့် ခြေရာခံနေတယ်လို့ နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန အကြီးအကဲက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
စောင့်ကြည့်ခံနေရသူ အရေအတွက်က အရင်က သတင်းထုတ်ပြန်ထားတဲ့ ၄၄ ယောက်ကနေ ခုတော့ ၅၃ ယောက်အထိ တိုးလာတယ်လို့ အဘူဂျာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဂျိုက်ဒ်အီဒရစ်စ်က ပြောပါတယ်။
ထပ်တိုးလာသူတွေဟာ မူလကုသပေးတဲ့ နေရာကလွဲလို့ တခြားနေရာတွေနဲ့ပါ ဆက်စပ်နေတယ်လို့ ပြောပါတယ်။
စောင့်ကြည့်ခံနေရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ အိမ်တွင်းအလုပ်သမားတွေနဲ့ လူနာရဲ့ အိမ်ထောင်ဖက်တို့ ပါတယ်လို့ အီဒရစ်စ်က ပြောပါတယ်။ လူနာရဲ့ အိမ်ထောင်ဖက်မှာတော့ ရောဂါပိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ဒီလူနာဆီကနေ နမူနာ ၃ ကြိမ် ရယူစစ်ဆေးခဲ့ပါတယ်။ ၃ ကြိမ်စလုံးမှာ ရောဂါပိုး ရှိနေဆဲပါပဲ” လို့ အီဒရစ်စ်က ပြောခဲ့ပြီး ဗိုင်းရပ်စ်ရဲ့ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေမှာ ဗီဇဖွဲ့စည်းပုံ စစ်ဆေးခြင်း လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့ ဒီဗီဇစစ်ဆေးတွေ့ရှိချက်တွေကို ယူဂန်ဒါနိုင်ငံက ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ မျှဝေထားတယ်လို့ အီဒရစ်စ်က ပြောခဲ့ပေမဲ့ ယူဂန်ဒါနိုင်ငံနဲ့ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောခဲ့ပါဘူး။
အာဖရိကနိုင်ငံ အများအပြားမှာ တခါတရံ ဖြစ်ပွားလေ့ရှိပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်မားလေ့ရှိတဲ့ အသက်အန္တရာယ်ရှိတဲ့ သွေးလွန်ရောဂါ ထပ်မပျံ့စေရေးအတွက် ကျန်းမာရေး တာဝန်ရှိသူတွေက ကြိုးပမ်းဆောင်ရွက်နေပါတယ်။
Source: Reuters











