DVB Logo
Home
နိုင်ငံတကာ

နိုင်ဂျီးရီးယားတွင် ဒေါ်လာ ၂၂၇ သန်း တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

DVB
·
November 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အီနူဂူပြည်နယ်မှာ အမေရိကန်ဒေါ်လာ ၂၂၇ သန်း တန်ဖိုးရှိတဲ့ မက်သ်အမ်ဖက်တမင်း မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပြီး မက္ကဆီကိုနိုင်ငံသား ၅ ယောက် ကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ နိုင်ဂျီးရီးယား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

အခုဖမ်းဆီးရမိမှုဟာ အမျိုးသား မူးယစ်ဆေးဝါး ဥပဒေစိုးမိုးရေး အေဂျင်စီ အနေနဲ့ ဒီနှစ်အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ အကြီးမားဆုံး ဖြစ်စဉ်တွေထဲက တခုဖြစ်ပါတယ်။

အဲဒီအေဂျင်စီဟာ ပြီးခဲ့တဲ့ မေလကလည်း မက်သ်အမ်ဖက်တမင်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကွန်ရက်တခုကို ဖြိုခွင်းနိုင်ခဲ့ပြီး မက္ကဆီကိုနိုင်ငံသား ၃ ယောက် အပါအဝင် သံသယရှိသူ ၁၀ ယောက်ကို ဖမ်းဆီးခဲ့ဖူးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသားတယောက်က မက္ကဆီကိုနိုင်ငံသား ကျွမ်းကျင်သူ ၅ ယောက်ကို ငှားရမ်းခေါ်ယူပြီး အီနူဂူပြည်နယ်က စက်မှုဇုန်တခုထဲမှာ မက်သ်အမ်ဖက်တမင်း မူးယစ်ဆေးဝါးတွေ ထုတ်လုပ်စေခဲ့တာလို့ အေဂျင်စီ အကြီးအကဲ မိုဟာမက် ဘူဘာမာဝါက ပြောပါတယ်။

အေဂျင်စီအနေနဲ့ မက်သ်အမ်ဖက်တမင်း မူးယစ်ဆေးဝါး ၁ ဒသမ ၅ မက်ထရစ်တန်၊ ဓာတုပစ္စည်း ၆ ဒသမ ၇ တန်နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်မှုလုပ်ငန်းသုံး စက်ကိရိယာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းမှာ စက်မှုလုပ်ငန်းအဆင့်ရှိ မက်သ်အမ်ဖက်တမင်း ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်း ၄ ခု ကို အခုအချိန်အထိ ဖြိုခွင်းဖျက်ဆီးနိုင်ခဲ့ပြီလို့ မာဝါက ပြောပါတယ်။

အခုလို ဖမ်းဆီးရမိမှုက နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်ကူးမှုလောကမှာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ အခန်းကဏ္ဍ ပိုကြီးထွားလာနေမှုအပေါ် စိုးရိမ်မှုတွေကို မြင့်တက်စေပါတယ်။

မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ကွန်ရက်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံကို မူးယစ်ဆေးဝါး ဖြတ်သန်းသယ်ယူရာ လမ်းကြောင်းအဖြစ်သာမက ထုတ်လုပ်ရာ အခြေစိုက်စခန်းအဖြစ်ပါ အသုံးပြုလာကြတယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဒီလိုဖြစ်ရတာဟာ နိုင်ဂျီးရီးယားရဲ့ နယ်စပ်ဒေသတွေ လုံခြုံရေးအားနည်းတာနဲ့ လက်တင်အမေရိက ရာဇဝတ် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေတာကြောင့်လို့လည်း ဆိုကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013