နိုင်ဂျီးရီးယားတွင် တိုက်ခိုက်မှုများကြောင့် လူ ၃၈ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ဂျာပြည်နယ်မှာ သီတင်းပတ်ကုန်ရက်က ဖြစ်ခဲ့တဲ့ လက်တုံ့ပြန် တိုက်ခိုက်မှု တွေကြောင့် လူ ၃၈ ယောက် သေဆုံးခဲ့ပြီး မြှုပ်နှံသင်္ဂြိုဟ်ခံခဲ့ရတာကို စုံစမ်းစစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာအရ သိရတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာလ ၂၃ ရက်မှာ ပြောပါတယ်။
မီးလောင်ထားတဲ့အိမ်တွေ၊ အဆောက်အအုံတွေနားမှာ စုနေကြတဲ့ ဒေသခံတွေနဲ့ သင်္ချိုင်း အသစ် တွေကြားမှာ သွားလာနေတဲ့ အမျိုးသားတယောက်ကို ရိုက်တာသတင်းဌာနက ရထားတဲ့ ဗီဒီယို မှတ်တမ်းတခုမှာ တွေ့ရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေဟာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဘော်ဂူ ဒေသန္တရ အုပ်ချုပ်ရေးနယ်မြေထဲက ဝါဝါနဲ့ ဂါဒါအိုလီ မြို့တွေနားက လူနေရပ်ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာလို့ ဖူလာနီ လူမျိုးစု ကိုယ်စားလှယ်တွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေအပြီးမှာ လူပေါင်းများစွာကို မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်သူတွေက သေနတ်တွေနဲ့ ဓားရှည်တွေကို သုံးခဲ့တဲ့အပြင် လူရှိနေတဲ့ အဆောက်အအုံတွေ ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူတို့က စွပ်စွဲပြောပါတယ်။
ဒီလက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ဘယ်သူက ကျူးလွန်ခဲ့တာလဲဆိုတာ အစိုးရက မသိရသေးဘူးလို့ နိုင်ဂျာပြည်နယ် သတင်းအချက်အလက်ဆိုင်ရာ ကော်မရှင်နာ အိုဘဒ် နာနာက ပြောပါတယ်။ ဒါ့အပြင် တခြားလူ ၉ ယောက်လောက်လည်း ဆေးရုံမှာ ကုသခံနေရပြီး ဆန့်ကျင်ကွဲလွဲနေတဲ့ တခြားသတင်းအချက်အလက်မျိုး သူ့ဆီ မရောက်သေးဘူးလို့လည်း ပြောပါတယ်။
စနေနေ့ အစောပိုင်းကလည်း အနားက လမ်မန်-ဘာရီရွာမှာ လက်နက်ကိုင် လူတစုက မနက်ခင်း ဆုတောင်းဝတ်ပြုချိန်အတွင်း ရွာခေါင်းဆောင် အပါအဝင် လူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
နောက်ဆက်တွဲ တိုက်ခိုက်မှုတွေကို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရကြောင်း ဖူလာနီလူမျိုးစု အဖွဲ့အစည်းတခုက ပြောခဲ့ပြီး လူမျိုးစုတခုလုံးကို စုပေါင်း အပြစ်ပေး အရေးယူတာမျိုး မလုပ်ဖို့လည်း သတိပေး ပြောပါတယ်။
Source: Reuters











