နိုင်ဂျီးရီးယားတွင် စက်လှေမှောက်ပြီး သေဆုံးသူ ၂၄ ဦးအထိ ရှိလာ

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း၊ ဘေယယ်ဆာပြည်နယ်မှာ ဈာပနအခမ်းအနားကိုသွားမဲ့ လူအများအပြား လိုက်ပါလာတဲ့ စက်လှေတစင်း မှောက်မှုမှာ လူ ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အမျိုးသား အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ (NEMA) က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့ခဲ့ပြီး လူ ၂၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ NEMA က ပြောပါတယ်။
သောကြာနေ့က မတော်တဆမှု ဖြစ်ချိန်မှာ လှေက အာယာမာဒေသက အူကူဘေးရွာဆီ ဈာပနအခမ်းအနားအတွက် ခရီးသည်တွေကို ပို့ဆောင်ပေးနေတာပါ။
ရဲတပ်ဖွဲ့က အစောပိုင်းမှာ သေဆုံးသူ ၄ ယောက်ပဲ ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး လှေမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
စနေနေ့ အစောပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာ နေရာဒေသမှာရှိနေတဲ့ တာဝန်ရှိသူတွေက ရုပ်အလောင်း ၁၂ လောင်းထက်မနည်းကို ရှာတွေ့ ထားတယ်လို့ ပြောပါတယ်။
ရုပ်အလောင်းတွေကို လှေငယ်တွေကတဆင့် ကမ်းနားမှာ စုဝေးနေကြတဲ့ လူအုပ်ကြားကတဆင့် သယ်ဆောင်လာပြီး လူနာတင်ယာဉ်တွေပေါ် တင်ဆောင်နေတာကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
ဘေယယ်ဆာပြည်နယ် အုပ်ချုပ်ရေးမှူး ဒူယေးဒီရီက စနေနေ့မှာ အခင်းဖြစ်ရာနေရာဆီ သွားကြည့်ခဲ့ပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ပြည်တွင်းရေလမ်းတွေမှာ လှေမတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အဲဒီနေရာတွေမှာ လူအလွန်အကျွံ တင်ဆောင်တာနဲ့ ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု အားနည်းခြင်းတို့က အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
Source: Reuters











