DVB Logo
Home
နိုင်ငံတကာ

ဆီနီဂေါကမ်းလွန်၌ ရွှေ့ပြောင်းလှေမှောက်ပြီး လူဒါဇင်ချီ ပျောက်ဆုံး

DVB
·
November 20, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဥရောပကို ဦးတည်ထွက်ခွာလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ လှေတစင်းဟာ ဆီနီဂေါကမ်းလွန်မှာ တိမ်းမှောက်သွားတာကြောင့် လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသတွင်း NGO အဖွဲ့တခုက နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ အနောက်အာဖရိက ရေလမ်းကြောင်းပေါ်က နောက်ဆုံးဖြစ်ရပ်လို့ ဆိုပါတယ်။

မြို့တော် ဒါကာ တောင်ဘက်က ယန်နေး ကမ်းလွန်မှာ အင်္ဂါနေ့ ညပိုင်းကနေ ဗုဒ္ဓဟူးနေ့ မနက် ၂ နာရီ  ဝန်းကျင်လောက်က လှေမှောက်ခဲ့တာလို့ ယူဆရပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံအရာရှိတယောက်က ဆိုပါတယ်။

လှေပေါ်မှာ လူအနည်းဆုံး ၅၀ လောက် လိုက်ပါသွားခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူတယောက်က ပြောပြကြောင်း Action for Human Rights and Friendship အဖွဲ့ ဥက္ကဋ္ဌ အာဒါမာ အမ်ဘန်ဂေး က ရိုက်တာကို ပြောပါတယ်။

မနေ့မနက်ပိုင်းအထိ လူတယောက်သေဆုံးကြောင်း ပြင်သစ်ရေဒီယိုက အတည်ပြု ဖော်ပြခဲ့ပေမဲ့ စေတနာ့ဝန်ထမ်း Horizons Sans Frontières အဖွဲ့ ဥက္ကဋ္ဌ ဘူဘာကာ ဆေးယေးကတော့ ရုပ်အလောင်း ၄ လောင်း ဆယ်ယူရရှိထားပြီလို့ ရိုက်တာကို ပြောပါတယ်။

ယန်နေး ကမ်းခြေက သစ်သားငါးဖမ်းလှေ အပိုင်းအစတွေနားမှာ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေလည်း သတင်းစုံစမ်းရင်း လာစောင့်ရှာဖွေနေကြပါတယ်။ ပင်လယ်ပြင် ငြိမ်သက်ပြီး ကူးဖြတ်ဖို့ အဆင်ပြေလာတာနဲ့ အမျှ ဒီလထဲမှာ သွားလာသူတွေ ပိုများလာပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ပထမ ၁၂ ရက်အတွင်း စပိန်ပိုင် ကနေရီကျွန်းစုကို ရောက်ရှိလာသူ ၈,၀၀၀ ကျော် ရှိခဲ့ပြီး မနှစ်က နိုဝင်ဘာ တလလုံးထက် ၃ ဆလောက် ပိုများသလို ၂၀၂၃ အောက်တိုဘာနောက်ပိုင်း လအလိုက် အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။

ဒီနှစ်ထဲ အနောက်အာဖရိကကနေ ကနေရီကျွန်းစုကို သွားရင်း သေဆုံးသူ ၆၀၀ နီးပါး ရှိနေပြီလို့လည်း UNHCR က ဒီသီတင်းပတ်ထဲမှာ ပြောပါတယ်။

ဆီနီဂေါနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ခိုင်ခံ့မှုမရှိတဲ့ လှေတွေနဲ့ ထွက်ခွာတာဟာ အန္တရာယ်များပြီး အာဏာပိုင်တွေ တားဆီးနေတဲ့ကြားကပဲ လူအများအပြား မကြာခဏ သေဆုံးနေပါတယ်။

ဒီလအစောပိုင်းကလည်း ဒါကာမြို့ မြောက်ဘက် ကီဘီမာမြို့အနီး လှေနစ်မြုပ်မှုမှာ လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတ ဘာဆီရူး ဒီယိုမာယေးဖာယေးက ဒီလိုခရီးစဉ်တွေကို စီစဉ်ပေးသူတွေကို နှိမ်နင်းသွားမှာဖြစ်သလို လူငယ်တွေ ကိုယ့်နိုင်ငံတွင်းမှာပဲ မျှော်လင့်ချက်ရှိလာအောင် ဖန်တီးပေးဖို့ ကြိုးပမ်းသွားမယ်လို့ X မှာ ရေးသားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013