
စပိန်နိုင်ငံ၊ ကနေရီကျွန်းစုရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ နိုဝင်ဘာ ၂ ရက်က ရွှေ့ပြောင်းနေထိုင်သူ ၃၈၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၇ ယောက် သေဆုံးသွားခဲ့တယ်လို့ စပိန် ရေကြောင်းကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
လန်ဇာရိုတီကျွန်းအလွန် ကီလိုမီတာ ၁၅၀ (၉၄ မိုင်) အကွာမှာ ကမ်းခြေစောင့်တပ်က လူ ၁၃၂ ယောက်ကို ကယ်ဆယ်ခဲ့ချိန်မှာ ရွှေ့ပြောင်းလှေပေါ်မှာ သေဆုံးနေသူ ၂ ယောက်ကို တွေ့ရှိခဲ့တာပါ။
အဲဒီခရီးစဉ်အတွင်းမှာပဲ တခြား ရွှေ့ပြောင်းနေထိုင်သူ ၅ ယောက် သေဆုံးခဲ့တာကြောင့် ပင်လယ်ထဲ ပစ်ချခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဖြည့်စွက်ပြောပါတယ်။
တနင်္လာနေ့ စောစောပိုင်းကလည်း လန်ဇာရိုတီနဲ့ ကနေရီကျွန်းစုရှိ အယ်လ်ဟီအဲရိုးကျွန်းတို့ရဲ့ အလွန်မှာ ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ ကို ကမ်းခြေစောင့် သင်္ဘောတွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ကလည်း အယ်လ်ဟီအဲရိုးကျွန်းအလွန်မှာ ရွှေ့ပြောင်းနေထိုင်သူ ၁၀၇ ယောက်ကို ကယ်ဆယ်ခဲ့ရပါသေးတယ်။
ကနေရီကျွန်းစု ဒေသန္တရအစိုးရ အကြီးအကဲ ဖာနန်ဒို ကလာဗီဟို က “အဆိုးရွားဆုံး ခန့်မှန်းချက် တွေဟာ အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ အတ္တလန္တိတ် ရေလမ်းကြောင်းဟာ အခုကြိမ် လန်ဇာရိုတီ ကမ်းလွန်မှာ လူ့အသက်တွေကို ထပ်မံစုပ်ယူသွားခဲ့ပြန်ပါပြီ။ သေဆုံးသူ တဦးစီရဲ့ နောက်ကွယ်မှာ ဘဝတခု၊ ဇာတ်လမ်းတပုဒ်နဲ့ မိသားစုတခုစီ ရှိနေကြတာပါ” လို့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
အနောက်အာဖရိကကနေ ကနေရီကျွန်းစုကို သွားတဲ့ အတ္တလန္တိတ် ရေကြောင်းလမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းတွေထဲက တခုဖြစ်ပါတယ်။
ကြမ်းတမ်းတဲ့ ပင်လယ်ပြင်၊ ပြင်းထန်တဲ့ ရေစီးကြောင်းနဲ့ ခရီးဝေးကွာမှုတွေ ရှိနေပေမဲ့လည်း ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူတွေဟာ စပိန်ပိုင်နက်ထဲ ရောက်ရှိဖို့အတွက် နှစ်စဉ် လူအပြည့်တင်ထားတဲ့ လှေတွေနဲ့ စွန့်စားဖြတ်သန်းကြရပါတယ်။
ပင်လယ်ပြင် အခြေအနေ ပိုမိုငြိမ်သက်ပြီး ကူးတို့ဖြတ်သန်းဖို့ အဆင်ပြေလေ့ရှိတဲ့ ဆောင်းဦးကာလ တွေမှာ ရွှေ့ပြောင်းရောက်ရှိမှု ပိုမိုများပြားလေ့ရှိပါတယ်။
Source: Reuters











