ဗြိတိန်ပြည်ထဲရေးဝန်ကြီးက နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမဲ့ အစီအစဉ်တွေကို နိုဝင်ဘာလ ၂ ရက်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
ဒီအစီအစဉ်အရ ရွှေ့ပြောင်းနေထိုင်သူတချို့ဟာ နိုင်ငံအတွင်း အခြေချနေထိုင်ခွင့် မရမီ ၁၀ နှစ် ဒါမှမဟုတ် ဒိထက်ပိုတဲ့ ကာလတခုအထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ (EU) ကနေ နုတ်ထွက်ပြီးတဲ့နောက် နိုင်ငံထဲ ဝင်လာသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
အထူးသဖြင့် EU ကနေ နုတ်ထွက်ပြီးတဲ့ နောက်ပိုင်း မူဝါဒတွေကြောင့် ကမ္ဘာတဝန်းက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ အများအပြား ဗြိတိန်နိုင်ငံထဲကို ဝင်လာခဲ့တာပါ။
ဒါကြောင့် အစိုးရက စည်းမျဉ်းစည်းကမ်းတွေကို ပိုတင်းကျပ်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ဒီကြိုးပမ်းချက်အပေါ် အလုပ်သမားသမဂ္ဂတွေနဲ့ အာဏာရ အလုပ်သမားပါတီထဲက အဖွဲ့ဝင်တချို့က ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။
ဒါကြောင့် ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က ကျန်းမာရေးနဲ့ ပြုစု စောင့်ရှောက်ရေးကဏ္ဍမှာ လုပ်ကိုင်နေသူတွေအတွက် အခြေချနေထိုင်ခွင့်ရဖို့လိုတဲ့ ကာလသတ်မှတ်ချက်ကို ၁၀ နှစ်ကနေ ၅ နှစ်အထိ လျှော့ချပေးလိုက်ပါတယ်။
ဝင်ငွေမြင့်မားသူတွေအတွက် ၃ နှစ်အတွင်း အခြေချနေထိုင်ခွင့် ရမှာ ဖြစ်ပေမဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ပြီး လှေငယ်တွေနဲ့ ရောက်လာသူတွေအပေါ် အတင်းကျပ် ဆုံး ကန့်သတ်ချက်တွေကို ချမှတ်ထားပါတယ်။
"ဒီနိုင်ငံမှာ ထာဝရ နေထိုင်ခွင့်ရဖို့ဆိုရင် ကြိုးစားရယူရမှာ ဖြစ်ပါတယ်" လို့လည်းဝန်ကြီး မာမွတ်က ပြောပါတယ်။
Source: Reuters











