ဗြိတိန် ဟာသသရုပ်ဆောင်နဲ့ ရောင်းအားအကောင်းဆုံး ကလေးစာပေ စာရေးဆရာ ဒေးဗစ် ဝေါလျမ်စ်ဟာ သူ့အကြောင်း လိင်ပိုင်းဆိုင်ရာ မလျော်ကန်မှု စွပ်စွဲချက်တွေ ထွက်ပေါ်လာမယ်ဆိုရင် သူ့ကိုယ်သူ အဆုံးစီရင်ပစ်မယ်လို့ ပြောဆိုပြီး အဲဒီစွပ်စွဲချက်တွေကို ထုတ်ပြန်ဖော်ပြခြင်း မလုပ်နိုင်အောင် တားဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ မီဒီယာအဖွဲ့အစည်း ၂ ခုက နိုဝင်ဘာ ၁၀ ရက်မှာ နာမည်တပ် ဖော်ပြလိုက်ပါတယ်။
ဂီတလုပ်ငန်းရှင် ဆိုင်မွန် ကောင်းဝဲလ်ရဲ့ “Britain's Got Talent” ရုပ်သံအစီအစဉ်မှာ ဒိုင်လူကြီးဟောင်းတယောက်ဖြစ်တဲ့ ဝေါလျမ်စ်ဟာ အဲဒီသတင်းစာနဲ့ ITV News တို့ကို သတင်းမဖော်ပြနိုင်အောင် တားမြစ်မိန့်ရယူဖို့ ကြိုးပမ်းခဲ့တယ်လို့ The Guardian သတင်းစာနဲ့ ITV News တို့က ဖော်ပြပါတယ်။
စာအုပ် အုပ်ရေ သန်း ၆၀ ကျော် ရောင်းချခဲ့ရတဲ့ ဝေါလျမ်စ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အဲဒီအကြောင်းအရာတွေ လူသိရှင်ကြား ထွက်ပေါ်လာရင် သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ထပ်ကြိုးပမ်းလိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းဖော်ပြမှုကို ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့တာပါ။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု သတင်းတပုဒ်မှာတော့ အမျိုးသမီး အများအပြားက ဝေါလျမ်စ်ကို စွပ်စွဲထားကြပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ဆယ်ကျော်သက်အရွယ် သို့မဟုတ် လူငယ်ဘဝတုန်းက ဝေါလျမ်စ်က “နာမည်ကျော်တဦးအနေနဲ့ သူ့ရဲ့အာဏာနဲ့ ရာထူးအရှိန်အဝါကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် သူတို့အပေါ် အမြတ်ထုတ် ကျူးလွန်ခဲ့တယ်” လို့ စွပ်စွဲထားကြပါတယ်။
ရိုက်တာသတင်းဌာန အနေနဲ့ ဒီစွပ်စွဲချက်တွေကို သီးခြားအတည်မပြုနိုင်သေးသလို ဝေါလျမ်စ်ရဲ့ ရှေ့နေကိုလည်း မှတ်ချက်ပေးဖို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
Source: Reuters











