ဗြိတိန်သို့ အသားတင်ရွှေ့ပြောင်းဝင်ရောက်မှု ၁၉၉၇ နောက်ပိုင်း အနိမ့်ဆုံးရောက်

ဗြိတိန်နိုင်ငံကို အသားတင်ရွှေ့ပြောင်းဝင်ရောက်သူဦးရေဟာ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ တနှစ်တာ ကာလမှာ ၇၇,၀၀၀ အထိ ကျဆင်းသွားပြီး ကိုဗစ်ကပ်ရောဂါကာလကို ထည့်မတွက်ရင် ၁၉၉၇ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးဖြစ်တယ်လို့ ဗြိတိန်အမျိုးသားစာရင်းအင်းရုံး (ONS) က ထုတ်ပြန်ပါတယ်။
အသားတင် ရွှေ့ပြောင်းဝင်ရောက်သူဦးရေဆိုတာ တနှစ်တာကာလမှာ နိုင်ငံကို ရွှေ့ပြောင်း ဝင်ရောက်သူ ဦးရေထဲက ရွှေ့ပြောင်းထွက်ခွာသူဦးရေကို နုတ်ထားတဲ့ အသားတင် ကျန်ရှိတဲ့ အရေအတွက် ဖြစ်ပါတယ်။
ဗြိတိန်ကို ရွှေ့ပြောင်းဝင်ရောက်သူ ၇၃၈,၀၀၀ ရှိပြီး နိုင်ငံကနေ ရွှေ့ပြောင်းထွက်ခွာသူ ၆၆၁,၀၀၀ ရှိခဲ့ပါတယ်။
အသားတင်ရွှေ့ပြောင်းဝင်ရောက်သူဦးရေဟာ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ တနှစ်တာကာလမှာ စံချိန်တင် ၉၄၄,၀၀၀ ရှိခဲ့ရာကနေ အခုအခါ ၉၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
ဥရောပပြင်ပနိုင်ငံတွေကနေ အလုပ်လုပ်ဖို့ ဝင်ရောက်လာသူ ၄၅,၀၀၀ နဲ့ ပညာသင်ကြားဖို့ ဝင်ရောက် လာသူ ၃၃,၀၀၀ လျော့နည်းသွားပါတယ်။
ခိုလှုံခွင့်တောင်းခံသူဦးရေလည်း အရင်နှစ်က ၉၃,၀၀၀ ရှိခဲ့ရာကနေ ၇၃,၀၀၀ အထိ ကျဆင်း သွားပါတယ်။
အရင် ကွန်ဆာဗေးတစ်အစိုးရ လက်ထက်က စတင်တင်းကျပ်ခဲ့တဲ့ ဗီဇာစည်းမျဉ်းတွေကို လက်ရှိ လေဘာအစိုးရက ဆက်လက်ကျင့်သုံးခဲ့တာနဲ့ နိုင်ငံကနေ ရွှေ့ပြောင်းထွက်ခွာမှုတွေကြောင့် အခုလို ကျဆင်းလာတာ ဖြစ်ပါတယ်။
အခုစာရင်းတွေအရ လူဝင်မှုကြီးကြပ်ရေးစနစ်ကို လုံလောက်တဲ့ အတိုင်းအတာတခုအထိ ထိန်းချုပ် နိုင်ပြီလို့ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်နမ်က ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ရှာဘာနာမာမွတ်က “ကွန်ဆာဗေးတစ်ပါတီ မလုပ်ဆောင်နိုင်ခဲ့တာကို ကျမတို့က ဗြိတိန်ပြည်သူတွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီဘက်ကတော့ ဒီလိုလျော့လာတာ လက်ရှိအစိုးရကြောင့် မဟုတ်ဘဲ ၂၀၂၄ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သူတို့အစိုးရ ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေ ကြောင့်လို့ တုံ့ပြန်ထားပါတယ်။
Source: Reuters











