ဗြိတိန်အိမ်ရှေ့စံ ဝီလျံ၏ ကျေးလက်စံအိမ်ကို ဖောက်ထွင်းဝင်ရောက်မှုဖြင့် လူ ၂ ဦးအား ဖမ်းဆီး

အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း နော်ဖော့ခ်ဒေသရှိ ဗြိတိန် အိမ်ရှေ့စံမင်းသား ဝီလျံနဲ့ ဇနီးဖြစ်သူ ကိတ်တို့ရဲ့ ကျေးလက်စံအိမ်ထဲ ဖောက်ထွင်းဝင်ရောက်မှုတခု ဖြစ်ပွားပြီးနောက် အမျိုးသား ၂ ယောက်ကို ဖောက်ထွင်းမှု၊ ပိုင်နက်ကျူးလွန်မှု သံသယတွေနဲ့ ဖမ်းဆီးလိုက်ပြီလို့ ဗြိတိန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
နော်ဖော့ခ်ဒေသက တော်ဝင်မိသားစုပိုင် ဆန်ဒရင်ဂမ် ခြံဝင်းအတွင်း အိမ်ရာတခုမှာ မသင်္ကာဖွယ် လှုပ်ရှားမှုတွေ ရှိနေကြောင်း သတင်းပေးချက်အရ နိုဝင်ဘာ ၂၃ ရက် ညပိုင်းမှာ ရဲတပ်ဖွဲ့ကို ဆင့်ခေါ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက စံအိမ်ထဲမှာ လူနေထိုင်ခြင်း မရှိဘူးလို့ နော်ဖော့ခ် ရဲတပ်ဖွဲ့က ထပ်လောင်းပြောပါတယ်။
ကွယ်လွန်သူ ဘုရင်မကြီး အဲလိဇဘက်က ၂၀၁၁ ခုနှစ်မှာ ဝီလျံနဲ့ ကိတ်တို့ကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်ခဲ့တဲ့ အိပ်ခန်း ၁၀ ခန်းပါ အန်မာဟောလ်နေအိမ် ဖောက်ထွင်းခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ The Sun သတင်းစာက ပထမဆုံး စတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ အဲဒီ ကျေးလက်အပန်းဖြေစံအိမ်ကို အားလပ်ရက်တွေနဲ့ ခေတ္တအနားယူချိန်တွေမှာ အသုံးပြုလေ့ရှိပေမဲ့ သူတို့ရဲ့ အဓိကနေအိမ်ကတော့ လန်ဒန်မြို့ အနောက်ဘက်က ဝင်ဆာရဲတိုက်ဝင်းအတွင်းမှာ ရှိတာပါ။
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ မရှိဘူးလို့ အိမ်ရှေ့စံမင်းသား ဝီလျံရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
Source: Reuters











