
ဗြိတိန်နိုင်ငံ ဆပ်ခ်ဆက်စ်မြို့စားကတော် မီဂန်မာကယ်ရဲ့ ဖခင် သောမတ်စ်မာကယ်ဟာ နေအိမ်အကျယ်ချုပ် စည်းကမ်းအတိုင်း ဝတ်ဆင်ရမဲ့ အီလက်ထရောနစ် ခြေချင်းဝတ် စောင့်ကြည့်စက်ကို ဖြတ်တောက်လိုက်တာကြောင့် သူ့ကို ထောင်ထဲပြန်ပို့ဖို့ နိုဝင်ဘာ ၁၀ ရက်က အမိန့်ပေးခံလိုက်ရတယ်လို့ ဖက်ဒရယ်ရှေ့နေတွေက ပြောပါတယ်။
ကလေးသူငယ် လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ စွပ်စွဲခံထားရသူ အသက် ၈၂ နှစ်အရွယ် သောမတ်စ်မာကယ်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံကိုလည်း ဖလော်ရီဒါ၊ ပီနဲလပ်စ်ကောင်တီ ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်လိုက်ပါတယ်။
အမှုကို လက်ခံစစ်ဆေးနေတဲ့ လော့စ်အိန်ဂျလိစ် အမေရိကန် ရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ ဖလော်ရီဒါ၊ တမ်ပါတရားခွင်မှာ အမေရိကန် တရားသူကြီး လင်းဆေးဆာ့စ်ဂရင်ဖင်က ဗြိတိန်မင်းသား ဟယ်ရီရဲ့ ယောက္ခမ မာကယ်ကို အာမခံမပေးဘဲ ဖက်ဒရယ် ထိန်းသိမ်းရေးစခန်းဆီ ပြန်ပို့ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ ပထမဆုံး တရားခွင်မှာ အပြစ်ရှိ၊ မရှိ ထွက်ဆိုချက် မယူရသေးဘဲ နေအိမ်အကျယ်ချုပ်နေဖို့နဲ့ ခြေချင်းဝတ် စောင့်ကြည့်စက် တပ်ထားဖို့ စည်းကမ်းနဲ့ သူ့ကို လွှတ်ပေးခဲ့တာပါ။
ဒါပေမဲ့ မာကယ်က အဆိုပါ စောင့်ကြည့်စက်ကို ညတွင်းချင်း ဖြတ်တောက်လိုက်တာကြောင့် နေအိမ်အကျယ်ချုပ် လွှတ်ပေးထားမှုကို ရုပ်သိမ်းပြီး မစစ်ဆေးမီအထိ အချုပ်ထဲပဲ ဆက်ထိန်းထားဖို့ အစိုးရရှေ့နေတွေက တနင်္လာနေ့မှာ တောင်းဆိုခဲ့ရာ တရားသူကြီးက ခွင့်ပြုပေးခဲ့တာပါ။
ဆပ်ခ်ဆက်စ်မြို့စားကတော် မီဂန်မာကယ်နဲ့ အဆက်အဆံမရှိတဲ့ အဖေဖြစ်သူ သောမတ်စ်မာကယ်ဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုင်ရာ ရုပ်ပုံ/ဗီဒီယို ပိုင်ဆိုင်မှု ဖက်ဒရယ်စွဲချက်နဲ့ သောကြာနေ့က ဖမ်းဆီး တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ အဝတ်အစားမဲ့ အသက်မပြည့်သေးသူ မိန်းကလေးနဲ့ သူကိုယ်တိုင် ရိုက်ထားတဲ့ ရာဂစိတ်ကြွဖွယ် ဓာတ်ပုံ ၂ ပုံ အပါအဝင် ကလေးတွေနဲ့အတူ ရိုက်ထားတဲ့ တခြားဓာတ်ပုံတွေ ပါဝင်ပါတယ်။
တရားရုံးတင်ထားတဲ့ FBI ကျမ်းကျိန်လွှာအရ မာကယ် ၂၀၀၈ ခုနှစ်ကတည်းက လော့စ်အိန်ဂျလိစ်မှာ ငှားထားတဲ့ ဂိုဒေါင်တွေထဲက သိမ်းဆည်းထားတဲ့ ဆလိုက်ဖလင်၊ ဖလင်နဂ္ဂတစ်နဲ့ စာအုပ်တွေအထဲကနေ အဲဒီအထောက်အထားတွေကို အေးဂျင့်တွေ သိမ်းဆည်းရမိခဲ့တာပါ။
မာကယ်ဟာ နောက်ဆုံးအချိန်အထိ တမ်ပါမြို့အနီး ဖလော်ရီဒါ၊ လိခ်လန်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်ခဲ့တာပါ။
ဒါ့အပြင် တရားသူကြီး ဂရင်ဖင်ဟာ မာကယ် တရားရင်ဆိုင်ဖို့ စိတ်ကျန်းမာရေး ပြည့်ဝမှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ဖို့ စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ပါ အမိန့်ထုတ်ခဲ့ပါတယ်။
မာကယ်ရဲ့ အသက်အရွယ်နဲ့ တရားခွင်အတွင်း ပြသခဲ့တဲ့ “မှတ်ဉာဏ်လွတ်နေမှု” တို့ကြောင့် သူ့မှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနိုင်တယ်လို့ ယုံကြည်ရကြောင်း တရားသူကြီးက ထောက်ပြခဲ့ပါတယ်။
Source: Reuters











