ကိုလံဘီယာနိုင်ငံမြောက်ပိုင်းတွင် အကျဉ်းထောင်အသစ်ကြီး ၁ ခု သမ္မတ ဖွင့်လှစ်ပေး

ကိုလံဘီယာသမ္မတ အာဘယ်လာဒိုဒယ်လာ အက်စ်ပရီယဲလာဟာ နိုဝင်ဘာ ၂၅ ရက်မှာ နိုင်ငံမြောက်ပိုင်း လာဂွါဟီရာပြည်နယ်၊ ရီယိုဟာချာမြို့မှာ အကျဉ်းထောင်အသစ်ကြီးတခုကို ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံရဲ့ အကျဉ်းထောင်စနစ်အတွင်းက အကျင့်ပျက်ခြစားမှုတွေကို ကိုင်တွယ် နှိမ်နင်းသွားမယ်လို့ ကတိပြု ပြောပါတယ်။
သူ့အစိုးရလက်ထက်အတွင်း ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ဒီအကျဉ်းထောင်ကြီးဟာ အဆောက်အအုံ ဧရိယာ စတုရန်းမီတာ ၃၆,၀၀၀ ကျယ်ဝန်းပြီး အကျဉ်းသား ၁,၇၂၂ ယောက်အထိ ထားရှိနိုင်ကာ ဒေသတွင်း အကျဉ်းထောင်နေရာတွေ တိုးချဲ့ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေတွေ တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံရဲ့ အကျဉ်းထောင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ခေတ်မီတိုးတက်စေဖို့ ရည်ရွယ်တဲ့ နိုင်ငံလုံးဆိုင်ရာ စီမံကိန်းတရပ်ရဲ့ အစိတ်အပိုင်းအဖြစ် ဒီအကျဉ်းထောင်ကို ၂၀၂၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားအတွင်းမှာပဲ သမ္မတ ဒယ်လာအက်စ်ပရီယာက အကျဉ်းထောင်တွေထဲ မိုဘိုင်းဖုန်းတွေ တရားမဝင် ခိုးသွင်းတာကို တားဆီးဖို့ လုံခြုံရေးဆိုင်ရာ စစ်ဆေးကြပ်မတ်မှုတွေကို ပိုမိုတင်းကျပ်ဖို့ အမိန့်ပေး ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေဟာ ရာဇဝတ်သားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိရမှာဖြစ်ပြီး ထောင်အတွင်းကနေ ဆိုင်ရှင်တွေကို ခြိမ်းခြောက် ငွေညှစ်တာနဲ့ မိသားစုတွေကို ခြိမ်းခြောက်တာလိုမျိုး ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေတာကို ဘယ်လိုအခြေအနေမျိုးမှာမှ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
လူဦးရေပြည့်ကျပ်နေတဲ့ အခြေအနေမျိုးမှာ အကျဉ်းသားတွေကို ပြန်လည်ပျိုးထောင်ပေးဖို့ မဖြစ်နိုင်ပေမဲ့ အခုလို အဆင့်မီအကျဉ်းထောင်တွေ ရှိလာတာဟာ ထိန်းသိမ်းခံထားရသူတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို လေးစားရာရောက်သလို တဖက်မှာလည်း ဥပဒေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကျင့်သုံးနေတာလို့ သမ္မတက ဆိုပါတယ်။
Source: Reuters











