ကိုလံဘီယာတွင် ကားဗုံးပေါက်ကွဲပြီး လူ ၂၃ ဦး ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံ၊ ဗီလာဗီဆန်စီယိုမြို့မှာရှိတဲ့ မေထာပြည်နယ်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းက ကားဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် နိုဝင်ဘာ ၂၄ ရက်မှာ ဆိုင်ရှင်တွေနဲ့ ဒေသခံတွေဟာ ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။
ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ၈၀ ကီလိုဂရမ်ကျော် သယ်ဆောင်လာခဲ့တဲ့ အဲဒီမော်တော်ယာဉ် ဗုံးခွဲခံရမှုကြောင့် အရွယ်မရောက်သေးသူ တယောက် အပါအဝင် အနည်းဆုံး လူ ၂၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကနဦး စာရင်းကောက်ယူချက်အရ အိမ်ခြံမြေအဆောက်အအုံ ၈၅ ခုကျော် ထိခိုက်ပျက်စီးခဲ့ကာ ဒေသတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတွေလည်း ပြတ်တောက်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို သမ္မတ အာဘေလာဒို ဒေလာ အက်စ်ပရီယယ်လာက အင်္ဂါနေ့မှာ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဒီတိုက်ခိုက်မှုဟာ အမှတ် ၃၉ တပ်ဦး “အာဆက်စီယို နီညို” အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောပါတယ်။
တချို့သတင်းတွေမှာတော့ FARC သဘောထားကွဲလွဲသူအဖွဲ့တွေရဲ့ လက်ချက်ဖြစ်နိုင်ကြောင်း ညွှန်ပြနေပေမဲ့ တရားဝင် အတည်ပြုချက် မရှိသေးသလို ရိုက်တာသတင်းဌာနအနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာတော့ တရားခံတွေကို ဖမ်းဆီးနိုင်မဲ့ သတင်းအချက်အလက် ပေးနိုင်သူတွေအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့တော်ဝန်ရုံးတို့က ပီဆိုငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၄၂,၆၄၀) အထိ ဆုငွေချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။
Source: Reuters











