
ကိုလံဘီယာရေတပ်ဟာ ကာရစ်ဘီယံပင်လယ်ပြင်ထဲမှာ မြန်နှုန်းမြင့် စပီဘုတ်တစီးပေါ်ကနေ သေနတ် ၁၀၄ လက်နဲ့ ကျည်ဆန်ထောင်ပေါင်းများစွာကို သိမ်းဆည်းရမိခဲ့ပြီး လူ ၅ ယောက်ကို လည်း ဖမ်းဆီးခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း နိုင်ငံမှာ လက်နက်အများဆုံး ဖမ်းဆီးရမိမှု ဖြစ်တယ်လို့ သမ္မတ အာဘေလာဒို ဒီယ်လာ အက်စ်ပရီယဲလာက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ရေတပ်ရဲ့ ကြေညာချက်အရ ကိုလံဘီယာနိုင်ငံသား ၄ ယောက်နဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသား တယောက် တို့ပါဝင်တဲ့ ဖမ်းဆီးခံရသူ ၅ ယောက်ဟာ ဟွန်ဒူးရပ်စ်ဘက်ကနေ ထွက်ခွာလာတဲ့ "Go-Fast" စပီဘုတ်ပေါ်မှာ လိုက်ပါလာကြသူတွေ ဖြစ်ပြီး၊ လက်နက်တွေကိုတော့ လှေကြမ်းခင်းအောက်က အံဝှက်ထဲမှာ ပလတ်စတစ်နဲ့ ထုပ်ပြီး ဝှက်ယူလာတာ ဖြစ်ပါတယ်။
ဒီလက်နက်တွေဟာ ဆီယဲရာ နာဗားဒါ ဒီဆန်တာ မာတာဒေသနဲ့ ပတ်ဝန်းကျင်မှာ ဩဇာကြီးမားတဲ့ "မူးယစ်အကြမ်းဖက်အဖွဲ့" ဖြစ်တဲ့ "လော့စ်ပါချန်ကာ" လို့လည်း လူသိများတဲ့ "ကိုယ်ထူကိုယ်ထ ကာကွယ်ရေးတပ်ဖွဲ့" (ACSN) အဖွဲ့ဆီ ပို့ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ သမ္မတ ဒီလာ အက်စ်ပရီယဲလာက ယူဆထားပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ ဒီအဖွဲ့ဟာ ခြိမ်းခြောက်ငွေညှစ်တာ၊ ပစ်မှတ်ထားသတ်ဖြတ်တာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာနဲ့ လူတွေကို နေရပ်ကနေ အတင်းအကျပ် ရွှေ့ပြောင်းခိုင်း တာတွေနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။
သမ္မတ ဒီလာအက်စ်ပရီယဲလာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းကနေ သင့်တော်တဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး ကိုလံဘီယာနိုင်ငံကို ရာဇဝတ်မှုတွေကနေ ကင်းစင်အောင် ရှင်းထုတ်သွားမယ်လို့လည်း ပြတ်ပြတ်သားသား သတိပေး ပြောပါတယ်။
Source: Reuters











