ကိုလံဘီယာတွင် ငွေသယ်ယာဉ်ဓားပြမှု မအောင်မမြင်ဖြစ်ရာက လူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီး

ကိုလံဘီယာနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားမြို့ဖြစ်တဲ့ ကာတာဟေးနားမြို့မှာ ငွေသားသယ်ဆောင်တဲ့ သံချပ်ကာယာဉ်တစီးကို ဓားပြတိုက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ရာကနေ သေနတ်သမားတွေက စူပါမားကတ်တခုမှာ လူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။
နိုဝင်ဘာ ၂၄ ရက်က ရဲတပ်ဖွဲ့ရဲ့ အလျင်အမြန် တုံ့ပြန်မှုကြောင့် ဓားပြတွေဟာ Éxito စူပါမားကတ် ထဲ ထွက်ပြေးဝင်ရောက်ခဲ့ပြီး လူ ၃၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြပါတယ်။
အဲဒီနောက် အသက်ကြီးပိုင်း အမျိုးသမီး ၅ ယောက် အပါအဝင် ဓားစာခံ ၁၀ ယောက် ကို ပြန်လွှတ် ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
စူပါမားကတ်ကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဝိုင်းထားပြီး ဓားစာခံတွေ ဘေးကင်းလုံခြုံစွာ လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။
ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီလာအက်စ်ပရီယဲလားကတော့ ဒီဖြစ်စဉ်ဟာ အကြမ်းဖက် အဖွဲ့ တခုရဲ့ လုပ်ရပ်မဟုတ်ဘဲ ဓားပြမှုကျူးလွန်ဖို့ ကြိုးပမ်းရာကနေ ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။
သမ္မတက “အဲဒီလူတွေကို ပြန်လွှတ်ပေးနိုင်အောင် လုပ်ဆောင်သွားမယ်ဆိုတာ ကိုလံဘီယာပြည်သူ တွေကို ကျနော် အာမခံပါတယ်” လို့လည်းပြောပါတယ်။
သမ္မတဟာ ကာကွယ်ရေးဝန်ကြီးနဲ့အတူ ကာတာဟေးနားမြို့ကို ရောက်ရှိလာပြီး ဓားစာခံ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်ကြီးကြပ်နေပါတယ်။
ဒီဖြစ်စဉ်ကြောင့် မြို့ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း လေယာဉ်ဆင်းသက်ခွင့် ၄၅ မိနစ်လောက် ရပ်ဆိုင်းခဲ့ရပါတယ်။
မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် မနက် ၁၁ နာရီအထိ နောက်ဆုံးရသတင်းတွေအရ ဓားစာခံ ၂၁ ယောက် ကျန်ရှိနေပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ သေနတ်သမားတွေကို ဆုံးဖြတ်ချိန် တနာရီ ပေးထားကြောင်း သမ္မတက ပြောပါတယ်။
Source:Reuters











