
ကိုလံဘီယာနိုင်ငံ၊ တိုလီမားပြည်နယ်၊ ပလာနာဒတ်စ် စည်ပင်သာယာနယ်မြေအတွင်းမှာ နိုဝင်ဘာ ၁ ရက် ညပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပြီး အသက် ၂ လသား ကလေးငယ်တယောက် အပါအဝင် လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ကနဦး သတင်းတွေအရ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မြေသယ်ထရပ်ကားတစီးဟာ စစ်တပ်စခန်းတခုအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးအနားက နေအိမ်တွေ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ရသလို ပလာနာဒတ်စ်ဆေးရုံရဲ့ ဆေးဝါးသိုလှောင်ခန်း အပါအဝင် ဆေးရုံကိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
တိုလီမားပြည်နယ် အုပ်ချုပ်ရေးမှူး အဒ်ရီယာနာ မာတစ်စ်က ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဒီယာဉ်ဟာ စစ်တပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရည်ရွယ်ပုံရပေမဲ့ ဆေးရုံကို ထိမှန်ခဲ့တာလို့ ပြောပါတယ်။
“ဒီနေ့မှာတော့ ဆေးရုံရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့ပါပြီ” လို့ မာတစ်စ်က ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကို စာသင်ကျောင်းတကျောင်းမှာ အရေးပေါ် ဆေးကုသပေးခဲ့ရပြီး ပလာနာဒတ်စ်မှာ ကုသပေးနိုင်မဲ့ဆေးရုံ မရှိတော့တာကြောင့် တချို့လူနာတွေကို အနီးအနားက စည်ပင်သာယာနယ်မြေဆီ လွှဲပြောင်းပေးပို့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နေအိမ်တွေ ပျက်စီးခဲ့ရသလို လုံးဝ ပြိုကျပျက်စီးသွားတာတွေလည်း ရှိတာကြောင့် မိသားစုပေါင်း ၁၀၀ ကျော် ထိခိုက်ခံစားခဲ့ရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပလာနာဒတ်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ သီးတင်းပတ်ကုန်ပိုင်းအတွင်း တိုလီမား၊ ဝီးလာနဲ့ ကောက်ကာပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၄ ခုအနက် တခုဖြစ်ပြီး စုစုပေါင်း လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











